ဆင်ဘိုစခန်းကုန်းတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်
*****
ထွယ်
ဧပြီ ၂၆၊ ၂၀၂၄။
မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၁၄၁ တပ်၏ စခန်းကုန်းတစ်ခု ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု မြို့လှမြို့ PDF အဖွဲ့ ၏ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုး က ပြောသည်။
ဆင်ဘိုမြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီကြားတိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လည်း ယနေ့နံနက် ၈ နာရီခွဲခန့်ကတည်းက လေကြောင်းဖြင့်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မိုး ကြိုး က သံလွင်ခက်ကိုပြောသည်။
၎င်းက “အမြင့်ဆုံးကုန်းတော့ ပြန်ရလိုက်ပြီ။ အဲ့တပ်တစ်ခုတည်းက မြို့လိုဖြစ်နေတာ။ ၄ မိုင် ပတ်ချာလည်ရှိ တယ်။ ကုန်းက ၅ လုံးလောက်ကို ရှိတာ။ လက်နက်ကြီးနဲ့ စခန်းကုန်းကြီးတွေကို ၃၊ ၄ ခုလောက်တည်ထားတာ” ဟု ပြောသည်။
ဆင်ဘိုမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၁၄၁ ကို KIA နှင့် ပူးပေါင်းတပ်က ယနေ့နံနက် ၇ နာရီခန့်တွင် တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ဒီမနက် ၁၄၁ ကိုတိုက်နေပြီ။ လေယာဉ်တွေနဲ့လည်း လာပစ်သွားတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ ဆင်ဘိုတပ်ရင်းကို ယခုနှစ်ဖေဖော်ဝါရီလ ဒုတိယပတ်ကတည်းက KIA နှင့် ပူးပေါင်းတပ် များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ဆင်ဘိုမြို့တွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအားလုံးကိုမူ သိမ်း ပိုက်ပြီးဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီတပ်ကလည်း ဆင်ဘိုမြို့ကို လေကြောင်းဖြင့်အပြင်းအထန် တိုက်ခိုက်နေပြီး ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုကြောင့် ဆင်ဘိုမြို့အောက်ဘက် ၂ မိုင်ခန့် အကွာတွင်ရှိသည့် မြင်သာကျေးရွာက အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဆင်ဘိုမြို့တွင်းရပ်ကွက်က ဒေသခံတချို့ ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့သည်ဟု ဆင်ဘိုဒေသခံများထံက သိရသည်။
ဆင်ဘိုမြို့ဒေသခံ ၂,၀၀၀ ခန့်သည် ဆင်ဘိုမြို့အရှေ့ဘက် ဝဲကြီးကျေးရွာနှင့် ဆင်ဘိုမြို့အထက်ပိုင်း တာဟိုးနား ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဆွန်ဒူကျေးရွာနှင့် မံဖွားကျေးရွာဘက်သို့ ယခုနှစ် ဖေဖော်ဝါရီလကတည်းက တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်။
ဆင်ဘိုမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်း၏ မြစ်ညာဘက် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ဆင်ဘိုမြို့သည် ယခင်ကကျေးရွာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ် သတ် မှတ်ခံခဲ့ရသည်။