လေးကေ့ကော်အနီး လက်နက်ကြီးအလုံး ၆၀ ခန့် စစ်ကောင်စီ လေယာဉ်ဖြင့် လာကြဲ
*********************
နန်းဆုပန်ခန့်
ဧပြီ ၂၆၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း (အမြောက်ကုန်း) အနီးဝန်းကျင်ကို စစ်တပ်က မီးကျည်အပါအဝင် လက်နက်ကြီးအလုံး ၆၀ ခန့်ကို Y – 12 ထောက်ပို့လေယာဉ်ဖြင့် လာကြဲသွားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ထိုင်းစံတော်ချိန် ည ၁၁ ခွဲ၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်မှ လာရောက်ကြဲချသွားခြင်းဖြစ်သည်။
ထိုသို့လာရောက်ကြဲချရာတွင် မီးကျည် တစ်လုံးကို အရင်ပစ်ပြီးနောက် လက်နက်ကြီးကျည်များကို ကန်ချ(ပစ်ချ) ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” မီးကျည်တစ်လုံး အရင်ကြဲတာ၊ အဲဒီအလုံးကြဲပြီးတော့ လက်နက်ကြီးအသီးတွေ ထပ်ကန်ချတာ၊ မီးကျည်က ပစ်မှတ် သိဖို့ ကြဲတာ၊ အသံလည်း ကွာတယ်၊ ခပ်အုပ်အုပ်ပဲ၊ အဲဒီတစ်လုံးက မီးတွေ လင်းသွားတာ၊ ကျန်တဲ့ အလုံးတွေက မီးသိပ်မလင်းဘူး၊ တိုက်ပွဲတွေလည်း မဖြစ်ဘူးနော်၊ ပလိန်း လာကျဲတာ” ဟု ဆိုသည်။
Y – 12 ထောက်ပို့လေယာဉ် လာမကြဲခင်အထိ ယမန်နေ့ညနေပိုင်းတွင် စွယ်တော်ကုန်းမှ လေးကေ့ကော်မြို့သစ်အနီး မယ်ဝါးခီးသို့ စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်ခြင်း၊ စက်လက်သေနတ်များ ပစ်ခတ်မှုများ ရှိသေးသည်ဟု ၎င်းက ဆက်ပြောသည်။
၎င်းက ” လက်နက်ကြီး ထွက်တယ်။ စက်လက်ကုတ် (ပစ်) တယ်။ ညနေပိုင်းက မယ်ဝါးခီး လှမ်းပစ်တယ် ထင်ရတယ်။ စွယ်တော်က ထွက်တာ၊ မနေ့ကဆိုရင်လည်း လေယာဉ်က တစ်စီးပဲ၊ တစ်ခါကြဲရင် ၁၀ လုံးပဲ၊ မနေ့ကဆို ၆ ကြိမ်လောက် ကြဲသွားတယ်” ဟု ဆိုသည်။
ယမန်နေ့ မယ်ဝါးခီးသို့ လက်နက်ကြီးကျရောက်မှုတွင် အရပ်သားနေအိမ် မီးလောင်မှုများရှိပြီး ဒေသခံများလည်း ထွက်ပြေးနေရသည်ဟု သိရသော်လည်း သံလွင်ခက်အနေဖြင့် ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်ဘက်မှ စွယ်တော်ကုန်းစခန်း အသိမ်းခံရမည် စိုးရိမ်သောကြောင့် လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သေးသည်။
ပုံစာ – တိုက်ပွဲဝင်နေသော ကော်ဘရာတပ်ဖွဲ့ဝင်တစ်ဦး (CJ – ပေးပို့)
************
Telegram – > https://t.me/ThanLwinKhetNews/4458
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9599