ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် စစ်ကောင်စီဖန်တီးနေ
*****
စကားမောင်
ဧပြီ ၂၅ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်အနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် – AA တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး လူမျိုးရေးပဋိပက္ခများဖြစ်စေရန် ဖန်တီးမှုများလည်းရှိနေသည်ဟု သတင်းရင်းမြစ်များထံကသိရသည်။
စစ်ကောင်စီအုပ်ချုပ်မှုယန္တရားအောက်ရှိဒေသများက ရိုဟင်ဂျာလူမျိုးများအား ဖိအားပေးဆန္ဒပြခိုင်းခြင်း၊ AA ကို မထောက်ခံကြောင်း လက် မှတ်ရေးထိုးခိုင်းခြင်း၊ အတင်းအကြပ်စစ်မှုထမ်းခိုင်းခြင်းနှင့် ကျေးရွာများရှိနေအိမ်များအား မီးရှို့ရန်စေခိုင်းခြင်းများကို စစ်ကောင်စီကပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းမီဒီယာများက ဧပြီလအတွင်း ဖော်ပြခဲ့ကြသည်။
“အမြဲတမ်း ရခိုင်မှာရှိတဲ့မူဆလင်နဲ့ ဗုဒ္ဓဘာသာပေါ့လေ။ ဒီလူတွေအပေါ် ဘာသာရေး၊ လူမျိုးရေးလှုံဆော်မှုတွေကို အမြဲတမ်းလုပ်တာတွေရှိတယ်။ အခုနောက်ပိုင်းဆို ပိုပြီးတော့သိသာလာတယ်။ ရခိုင်တွေဘက်ကရော၊ မူဆလင်အသိုင်းအဝိုင်းကရော နှစ်ဖက်လုံးကတော့ စိုးရိမ်မှုတွေရှိကြတယ်ပေါ့” ဟု ဒေသခံအမျိုးသား ၁ ဦးကဆိုသည်။
စစ်ကောင်စီတပ်က ယခုလိုသွေးထိုးလုပ်ဆောင်နေမှုများ ပိုပြီးကျယ်ပြန့်လာလျှင် စိုးရိမ်စရာရှိပြီး လတ်တလောမှာတော့ မြေပြင်ရှိ လူ့အဖွဲ့ အစည်းများကြား သင့်သင့်မြတ်မြတ်ရှိနေရန်က အလွန်အရေးပါသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“စစ်ကောင်စီက ရိုဟင်ဂျာလူမျိုးတွေကို ဘာသာရေး၊ လူမျိုးရေးပြဿနာပေါ်လာအောင် သူတို့ဖန်တီးနေတာဖြစ်တယ်။ အဲဒါကစစ်ကောင်စီကလုပ်တာ။ ဥပမာ အဲဒီ ရိုဟင်ဂျာလူငယ်တွေကို AA နဲ့တိုက်နေတဲ့နေရာမှာ သူတို့သုံးနေတာလေ။ အခု ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ အဓိကရုဏ်းပေါ်လာအောင် အဓိကချုပ်ကိုင်နေတဲ့ထဲမှာ စစ်ကောင်စီကပါနေတာ” ဟု ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင် က ပြောသည်။
ယခုကဲ့သို့ လူမျိုးရေးပဋိပက္ခများ ဆက်ပြီးဖြစ်ပွားလာခဲ့မည်ဆိုလျှင် ရခိုင်ပြည်နယ်တွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စသည်များ ပိုမိုခက်ခဲလာနိုင်သည်ဟုလည်း ၎င်းကဆိုသည်။
“ကျွန်တော် သူတို့ကို မေတ္တာရပ်ခံလိုတာက လူမျိုးနှစ်မျိုးကြားမှာ သဟဇာတဖြစ်အောင် နှစ်ဖက်လုံးကလုပ်ဖို့လိုသလို ရခိုင်တပ်တော်မှာလည်း ဒီ sensitive ဖြစ်တဲ့ကိစ္စကို သတိရှိရှိကိုင်တွယ်ဖို့လိုတယ်။ သဟ ဇာတမဖြစ်နေဘူးဆိုရင် အဓိကအကျိုးအမြတ်ရမှာက စစ်တပ်ကပါ။ အဲ့ဒါကို ရခိုင်တပ်တော်မှာရှိတဲ့ တပ်ပိုင်းခေါင်းဆောင်တွေက နားလည်ဖို့လိုတယ်”ဟုလည်းပြောသည်။
ပဋိပက္ခများအားဖြေရှင်းနိုင်ရန်အတွက်လည်း ရက္ခိုင်တော်လှန်ရေးအား နှစ်ရှည်ထောက်ခံခဲ့သူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း ၁ ဦးက “လက်ရှိ ကျွန်တော်တို့ကြုံရတဲ့အခြေအနေအားလုံးသည် ပဋိပက္ခအလွန် ပဋိပက္ခတွေကို ဦးတည်နေတယ်။ ဒီကိစ္စတွေကို ရေရှည်အတွက် ပြဿနာတွေမဖြစ်စေချင်ဘူး။ ရေရှည်မှာတည်ငြိမ်ချင်တယ်ဆိုရင် ကျွန်တော်တို့တွေကြားထဲမှာ ဟိုအရင်ထဲကကျန်ရှိနေတဲ့ စာနာနားလည်မှုတွေ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုတွေကို တဖြည်းဖြည်းနဲ့ ပြန်တည်ဆောက်ဖို့လိုပါတယ်” ဟုပြောသည်။
တဆက်တည်းမှာပဲ ၎င်းက “အခုချိန် ကောင်းကောင်းတည်ဆောက်ထားနိုင်မယ်ဆိုရင် နောက်နှစ်နည်းနည်းမှာ ဖွံ့ဖြိုးပြီးတော့ အေးချမ်းပြီး အရှေ့ကိုအားကောင်းမောင်းသန်ချီတက်နေတဲ့ အာရက္ခနိုင်ငံတော်ကိုမြင်ရမယ်။ အကယ်၍ အဲ့လိုမဟုတ်ဘူးဆိုရင် အရင်နှစ်ပေါင်းများစွာနဲ့ ဘာမှမထူးတဲ့ ပဋိပက္ခတွေထဲမှာ သံသရာလည်နေတဲ့ အခြေအနေတစ်ခုကို ဒေသတွင်းမှာပြန်တွေ့ရနိုင်တယ်” ဟုဆိုသည်။
စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်၍ ရခိုင်ပြည် နယ်အတွင်း အာရက္ခတပ်တော်အား ရိုဟင်ဂျာများကဆန့်ကျင်နေသည်ဟု ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့်အတူ အတုအ ယောင်ဆန္ဒပြပွဲများကျင်းပစေကာ လူမျိုးရေးပဋိပက္ခအရှိန်မြင့်တက်လာအောင်ပြုလုပ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဧပြီလ ၂၁ ရက်တွင်ထုတ်ပြန်ကြေညာထားသည်။
ဧပြီလ ၁၉ ရက်ကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် ( Volker Türk ) က “အချက်ပေးခေါင်းလောင်းသံတွေ မြည်နေပြီ။ ကျွန်တော်တို့က အတိတ်ကို ထပ်ခါ တလဲလဲ လုပ်ခွင့်မပြုရဘူး။ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့နှိပ်စက်ညှဉ်းပန်းမှု နောက်ထပ်ဖြစ်စဉ်တွေကိုတားဆီးဖို့ အခုလုပ်ဆောင်ရမှာဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
ဗော်လ်ကာ တာ့ခ် ပြောဆိုခဲ့သောအချက်များသည် အချက်အလက်အားဖြင့်မှားယွင်းနေခြင်း၊ ဘက်လိုက်သောစွပ်စွဲချက်များအပြင် အဖြစ်မှန်ကိုဖုံးကွယ်ရန်ကြိုးစားခြင်းများဖြစ်သည်ဟု အာရက္ခတပ်တော် – AA ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခ က ၎င်း၏လူမှုကွန်ရက်တွင် ဧပြီ ၂၃ ရက်က ရေးသားခဲ့သည်။
************
Telegram – > https://t.me/ThanLwinKhetNews/4457
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9593