စစ်ကောင်စီမောထတပ်စခန်းအား KNLA ပူးပေါင်းအဖွဲ့သိမ်းပိုက်
*****
သဇင်
ဧပြီလ ၂၅၊ ၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ မောထစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက် နိုင်ခဲ့သည်ဟု စစ်ရေးနီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
မောထတပ်စခန်းသည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး မြိတ် – ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေ၊ ထီးမိုပွာနယ်မြေတွင်တည်ရှိပြီး ခြေလျင်တပ်ရင်း – ခလရ ၁၉ အခြေချတပ်စွဲထားသော အင်အား ၄၀ ခန့်ရှိသည့် တပ်စခန်းဖြစ်သည်။
အဆိုပါစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက သံလွင်ခက်ကို ပြောသည်။
“ဧပြီ ၂၃ မနက်ပိုင်းတည်းကစတိုက်တာ မနေ့က (ဧပြီ ၂၄ ) ၉ နာရီလောက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာ။ လက်နက် ၃၄ လက်နဲ့ အခြားပစ္စည်းတွေလည်း ကျွန်တော်တို့ရရှိခဲ့သေးတယ်”ဟုဆိုသည်။
မောထစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များသည် ထိုင်းနိုင်ငံနယ်စပ်သို့ထွက်ပြေးသွားပြီး ထိခိုက်ကျဆုံးမှုအရေတွက် ကို စုံစမ်းနေဆဲဖြစ်သည်ဟု စစ်ရေးနီးစပ်သူ ၁ ဦးက ဆိုသည်။
“တပ်ရင်း ၂၇ နဲ့ တပ်မဟာ ၄ မိခင်တပ်ရင်းပူးပေါင်းပြီး တက်သိမ်းတာပါ့နော် ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှု အရေအတွက်ကို မသိရသေးဘူး။ ကျွန်တော်တို့စခန်းကို တက်သွားချိန်မှာတော့ အလောင်းတွေတော့ မတွေ့ခဲ့ရ ဘူး။ ထိခိုက်မှုတော့ ရှိနိုင်တယ်”ဟုဆိုသည်။
မောထ စစ်ကောင်စီတပ်စခန်းသည် နှစ်ပေါင်း ၂၀ ကျော်ကြာ လာရောက်တပ်စွဲထားသည့်စခန်းဖြစ်ပြီး KNLA၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-ပေးပို့။
ပုံစာ- မောထစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။
************
Telegram – > https://t.me/ThanLwinKhetNews/4451
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9574