စစ်ကောင်စီတပ်က မြဝတီမြို့ကို လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲနေ
*********
ထွယ်၊ စကားမောင်
ဧပြီ ၂၀၊ ၂၀၂၄။
မြဝတီမြို့ အမှတ် ၂ တံတားအောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA/PDF ပူပေါင်းတပ်ဖွဲ့များမှ ရှင်းလင်းနိုင်ပြီဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရပြီးနောက် စစ်ကောင်စီတပ်က မြဝတီမြို့ရှိ တိုက်ပွဲဖြစ်ပွားရာနေသို့ တိုက်လေယာဉ်ဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် နာရီဝက် အတွင်းပင် မြဝတီမြို့ကို လေယာဉ်ဖြင့် ၁၁ ကြိမ်ပတ်ပြီး ဗုံးအလုံးရေ ၃၀ နှင့် အထက် ကြဲချနေသည်ကို သံလွင်ခက်သတင်းထောက်များမှ တွေ့ရှိရသည်။
အဆိုပါလေယာဉ်သည် တိုက်လေယာဉ် Y – 12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် အမျိုးအစားဖြစ်ပြီး ခေါက်ပြန်သွားခြင်းမျိုးမဟုတ်ဘဲ မြဝတီမြို့ကို ပတ်၍ ကြဲချနေခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများက သံလွင်ခက်မှ အတည်ပြု၍ မရသေးပေ။
ထို့ပြင် မြဝတီမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သေနတ်သံများလည်း ဆူညံနေဆဲဖြစ်ကာ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အထိ ကျည်များ ကျရောက်လျက်ရှိသည်။
မြဝတီမြို့၌ တစ်ခုတည်းသာ ကျန်ရှိတော့သည့် မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ အား ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက်ကတည်းက စစ်ရေးတင်းမာခဲ့သည်။
KNLA ပူးပေါင်းအဖွဲ့မှ ခလရ ၂၇၅ ကို တိုက်ခိုက်နေစဉ်အတွင်း တပ်ရင်းအတွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်သား စုစုပေါင်း ၂၀၀ နီးပါးသည် ထိုင်း – ကရင်နယ်စပ်၊ အမှတ် ၂ တံတားအနီးသို့ ထွက်ပြေးခဲ့ပြီး အမှတ် ၂ တံတားဝန်းအတွင်း ကတုတ်ကျင်းများ တူးကာ စစ်ရေးပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁၉ ရက် ည ၇ နာရီခန့်က အဆိုပါနေရာသို့ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Video – မြဝတီမြို့ အမှတ် ၂ တံတားအနီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေစဉ် (သံလွင်ခက်)