မြန်မာနယ်စပ်ပဋိပက္ခများရပ်တန့်ရန် အာဆီယံကြေညာချက်ထုတ်
*****
သံလွင်ခက်
ဧပြီ ၁၉၊ ၂၀၂၄။
ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် မြဝတီနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး အာဆီယံ က အလွန်အမင်းပူပန်စိုးရိမ်ကြောင့်ကြလျက်ရှိနေသဖြင့် ယင်းပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ၏ကြေညာချက်တစ်စောင်ကို ယမန်နေ့ ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ရခိုင်ပြည်နယ်နှင့် မြဝတီမြို့ပဋိပက္ခများကြောင့် အရပ်သားများ အိုးအိမ် စွန့်ခွာထွက်ပြေးနေရသည့်အပေါ်တွင်လည်း များစွာစိုးရိမ်ပူပန်မိသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆိုသည်။
မြန်မာနိုင်ငံတွင် ပုံစံမျိုးစုံဖြင့်ဖြစ်ပွားနေသော အကြမ်းဖက်ပဋိပက္ခများကိုရှောင်ရှားရန်၊ နိုင်ငံတကာလူသားချင်း စာနာထောက်မှုဆိုင်ရာဥပဒေအပေါ် လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများ၏လုံခြုံရေးကိစ္စရပ်များ အတွက် လိုအပ်သောအစီအမံများအားလုံးကို ဖော်ဆောင်ရန် မြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်သူများအားလုံးကိုတိုက် တွန်းပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသူများအားလုံးကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီများ အချိန်နှင့်တပြေးညီပေးအပ်နိုင်ရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှု၏ အကျိုးသက်ရောက်မှုများအားလျှော့ချရန် နိုင်ငံတွင်းရှိ သက်ဆိုင်သူများအားလုံးကို မိမိတို့ကတောင်းဆိုပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယင်းအပြင် အာဆီယံ၏ဘုံသဘောတူညီချက်များကို အလျင်အမြန်အကောင်အထည်ဖော်ရန်လည်း အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများက ထပ်မံတိုက်တွန်းထားသည်။
Ref: Ministry of Foreign Affairs, Kingdom of Thailand
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ တွင် လုံခြုံရေးဆောင်ရွက်နေသည့် ထိုင်းစစ်သားများ။
************
Telegram – > https://t.me/ThanLwinKhetNews/4341
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9364