မြစ်ကြီးနားလေတပ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ
*****
သံလွင်ခက်
ဧပြီ ၁၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းဌာနချုပ်အား ယနေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးဖြင့်တိုက် ခိုက်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ – NBPDF က ထုတ်ပြန်ထားသည်။
အဆိုပါ နမ့်ပေါင်လေတပ်စခန်းစစ်ဌာနချုပ်သည် မြစ်ကြီးနားမြို့အပြင်ဘက် ရွှေဘို – မြစ်ကြီးနား ကားလမ်းဘေး တွင်တည်ရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး၌ ကပ်လျက်တည်ရှိသည်။
လုံခြုံရေးတင်းကြပ်ထားသည့်ကြားက ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်တွင် ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု NBPDF တာဝန်ရှိသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“လုံခြုံရေးတင်းကြပ်တဲ့ကြားကနေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခဲ့လိုက်တယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ကျွန်တော်တို့က ပစ်ပြီး ပြေးခဲ့ရတာ၊ ဟိုဘက်ကလည်း ပြန်ပစ်တယ်”ဟု ဆိုသည်။
စစ်ကောင်စီဘက်က ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
မန္တလေးမြို့အနီးရှိ တံတားဦးလေတပ်ဆွယ်စခန်းကိုလည်း ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံး၊ ၉ ၀မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်။
ပုံစာ- ၇၆ နှစ်ပြည့် လေတပ်အခမ်းအနားမြင်ကွင်း (CINCDS)