ကြိမ်ချောင်းဗျုဟာစခန်းကြီးကို AA သိမ်းပိုက်
*******
(အမ်း၊ ဘူးသီးတောင် ၊ တောင်ကုတ်က လက်ကျန်စခန်းများအား လက်နက်ချရန်သတိပေး)
ခင်သရဖီဦး
ဧပြီ ၁၃၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောရှိ စစ်ကောင်စီ၏မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်က ဧပြီလ ၁၂ ရက်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း AA က ယမန်နေ့ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အာရက္ခတပ်တော်အနေဖြင့် စခန်းတစ်ခုလုံးအား လနှင့်ချီ၍ ဝန်းရံပိတ်ဆို့ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
“၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ယင်းအပြင် ကြိမ်ချောင်းဗျူဟာကုန်းသည် နခခ ၇ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ စကစ မိသားစုဝင် ၁၅၀ ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် ရန်သူ့အလောင်း၊ သုံ့ပန်းတချို့နှင့်လက်နက်ခဲယမ်းများစွာကို ရရှိခဲ့ကြောင်းလည်း AA က ထုတ်ပြန်သည်။
AA က ” ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး မိမိတို့၏ ထိုးစစ်အား အသည်းအသန်ခုခံနေသောဗျူ ဟာစခန်းကြီးတစ်ခုဖြစ်သည်။ ကြိမ်ချောင်းဗျူဟာ စခန်းသိမ်း တိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ သည်။ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်” ဟုဆိုသည်။
ဘူးသီးတောင်၊ အမ်း၊ တောင်ကုတ်က လက်ကျန် စစ်ကောင်စီစခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း AA က ဆိုသည်။
“အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ ၁၅ ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ ၅ အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် – AA အနေဖြင့် လက်နက်ချအညံ့မခံသေးသည့် စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နှင့် လက်နက် ချအညံ့မခံသော စခန်းများအနေဖြင့်လည်း အမြန်ဆုံးလက်နက် ချရန် ထပ်မံသတိပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk
************
Telegram– > https://t.me/ThanLwinKhetNews/4284
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9240