ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် အမှတ်၂ တံတားအဝင်လမ်းအား BGF/KNA သွားလာမှု တားမြစ်
****************
သံလွင်ခက်
ဧပြီ ၁၂၊ ၂၀၂၄။
ဧပြီလ ၁၁ ရက် ညနေ ငါးနာရီခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၂ တံတားဝန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲခံရသဖြင့် အဝင်လမ်းအား Karen National Army ဟု အမည်ပြောင်းထားသော ကရင်နယ်ခြားစောင့်တပ်၊ BGF က သွားလာမှု ကန့်သတ်လိုက်သည်။
အဆိုပါဝန်းအတွင်းတွင် အမှတ် ခမရ ၂၇၅ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီးနောက် ကတုတ်ကျင်းများ တူးကာ ပုန်းအောင်းနေခြင်းကို ဒရုန်း နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဗုံးပေါက်တဲ့ အသံကြားပြီးတော့ အောက်ကနေလည်း သေနတ်နဲ့ ပြန်ပစ်တဲ့ အသံတွေ ဆက်တိုက်ကြားရတယ်။ မီးခိုးတွေလည်း မြင်ရတော့ အထုပ်တောင် မယူနိုင်ဘူး။ အိမ်ကနေ ပြေးလာခဲ့ရတယ်” ဟု အဆိုပါ ဝန်းအနီးတွင်နေထိုင်သည့် ဒေသခံ မရာရာက ပြောသည်။
KNLA ပူးပေါင်းအဖွဲ့မှ ခလရ ၂၇၅ ကို တိုက်ခိုက်နေစဉ်အတွင်း တပ်ရင်းအတွင်း ကျန်ရှိနေသည့် ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားအပါအဝင် စုစုပေါင်း ၂၀၀ နီးပါးသည် ထိုင်း – ကရင်နယ်စပ် ၊ အမှတ် ၂ တံတားသို့ ထွက်ပြေးလာရခြင်းဖြစ်သည်။
“သူတို့ကို အဲဒီအထဲမှာ ရှိနေတာက စိတ်ပူရတယ်။ သူတို့ကို လာတိုက်ရင်လည်း ရပ်ကွက်ထိမယ်။ သူတို့ကလည်း ရမ်းပစ်နေတော့ ပိုကြောက်ရတယ်” ဟု မြဝတီသို့ စစ်ရှောင်နေရသော ကော့ကရိတ်ဒေသခံ ကိုသန့်က ပြောသည်။
မြဝတီမြို့၌ တစ်ခုတည်းသာ ကျန်ရှိတော့သည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ အား ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုက်ခဲ့သည်။
Photo- သံလွင်ခက်