ခလရ – ၂၇၅ ကို ၄ ရက်အတွင်း ကရင်ပူးပေါင်းတပ်များသိမ်းပိုက်
*****
(စစ်ကောင်စီတပ်သားများ အမှတ် ၂ တံတားသို့ထွက်ပြေး)
နန်းဆုပန်ခန့်
ဧပြီ ၁၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ တစ်ခုတည်းကျန်ရှိတော့သည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ တပ်ရင်းအား ကရင်ပူးပေါင်းတပ်ဘက်က ၄ ရက်အတွင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သားများ ထိုင်း – ကရင်နယ်စပ်၊ အမှတ် ၂ တံတားဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
“ ၂၇၅ ကိုတက်သိမ်းလိုက်ပြီ။ ည ၁၀ နာရီကျော်လောက်မှာရတာ။ လက်နက်ခဲယမ်းတွေလည်းအများကြီးရတယ်။ အခုတော့နယ်မြေရှင်းနေတုန်းပဲ “ မြေပြင်သတင်းရင်း မြစ်ကဆိုသည်။
ဧပြီလ ၅ ရက်တွင် သင်္ဃန်းညီနောင်ဗျူဟာကုန်းကိုသိမ်း ပိုက်နိုင်ခဲ့ပြီးနောက် ကရင်ပူးပေါင်းတပ်များက မြဝတီမြို့ရှိ ခလရ – ၂၇၅ က စစ်ကောင်စီတပ်သားများအား အလံဖြူထောင်ရန်ညှိနှိုင်းအချိန်ပေးခဲ့ရာ စစ်ကောင်စီတပ်ဘက်ကလက်မခံသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။
ခလရ – ၂၇၅ တပ်ရင်းအား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် – KNLA ကဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO နှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလ ၈ ရက်တွင် စတင်ထိုး စစ်ဆင်ခဲ့ကာ ဧပြီလ ၁၁ ရက် မနက် ၄ နာရီ ၂၀ မိနစ်
အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။
ယနေ့နံနက်သိမ်းပိုက်နိုင်ခဲ့သည့် ခလရ – ၂၇၅ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်သာရှိသည်ဟု မြေပြင်ရဲဘော်များကဆိုသည်။
ယင်းအနက်က ၁၀၀ ကျော်သည် ခလရ – ၂၇၅ အနောက်ဘက်က ထိုင်း – ကရင်နယ်စပ် အမှတ် ၂ တံတားဘက် ထွက်ပြေးသွားသည်ဟု မြဝတီမြို့ရှိ KNA ဘက်တံဆိပ်ပြောင်းထားသည့် BGF တပ်ဖွဲ့ဝင် ၁ ဦးကဆိုသည်။
၎င်းက “ ဒီဘက်အနောက်ဘက်ကနေပြီးတော့ အမှတ် ၂ တံတားဘက်မှာ ဆုတ်သွားတာနော်။ အဲ့ဘက်မှာပဲရှိဦးမယ်။ ထိုင်းဘက်ကိုတော့ ဝင်ခွင့်တောင်းမှာပဲ” ဟု ပြော
သည်။
ယမန်နေ့တွင်လည်း မြဝတီသို့ဦးတည်လာသည့် စစ်ကောင်စီတပ်သားများစီးလာသည့် တင့်ကားများ ဂျိုင်းတံတားအကျော်တွင် တိုက်ခိုက်ခံခဲ့ရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ခလရ ၂၇၅ သိမ်းပိုက်မှုအတွင်း ရရှိသည့် လက် နက်ခဲယမ်းများ။
************
Telegram– > https://t.me/ThanLwinKhetNews/4256
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9164