မြဝတီကို စစ်ရှောင်လာသူများ ထပ်မံရွှေ့ပြောင်းရန်ခက်ခဲနေ
************
သံလွင်ခက်
ဧပြီ ၉ ၊ ၂၀၂၄။
နှစ်ဖက်တပ်များကြားတင်းမာမှုမြင့်တက်နေသည့် မြဝတီမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာပါက ပြောင်း ရွှေ့ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
မတ်လပထမပတ်ကစ၍ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် သင်္ဃန်းညီနောင်ရွာအနီးဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ရွာသစ်၊ မြို့သစ် နှင့် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ – ၂၇၅ အနီးရှိ အေးသုခ စသည့် ကျေးရွာများ က ဒေသခံများသည် မြဝတီမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် မြဝတီမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာပါက မည်သည့်နေရာသို့ ထပ်မံစစ်ရှောင်ရမလဲ မသိသေးပါဟု သင်္ဃန်းညီနောင်မှ မြဝတီမြို့သို့ စစ်ရှောင်လာသည့် အမျိုးသား ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “ ကျွန်တော်တို့လည်း ပထမတော့ ညီနောင်ကနေ ပြေးလာတာပဲ။ အခုမြဝတီမှာနေတာ ၁ လ လောက်ရှိပြီ။ ဟိုဘက်ကမ်းပြေးဖို့ကျတော့လည်း လွယ်တာမဟုတ်။ ဘတ်စျေးတွေကလည်း မိုးပေါ်မှာ ခေါင်ခိုက်နေတော့ အိမ်ငှားဖို့ကလည်း အဆင်မပြေဘူးလေ။ သူများနိုင်ငံမှာ အလုပ်မရှိ ဘာမရှိနဲ့ ဘယ်လို သွားပြေးမှာလဲ။ တိုက်ပွဲကလည်း ဘယ်နှရက် ပြီးမယ်မှန်းလည်းမသိဘူး။ အားလုံးကတော့ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ်းနဖူးဘေးနားမှာပဲ သွားနေကြမယ်ပဲ စဉ်းစားထားကြတာပဲ။ မလွယ်ပါဘူး လူဒီလောက်များတာ ” ဟုဆိုသည်။
မြဝတီမြို့ဒေသများ၏ပြောပြချက်အရ ယနေ့တွင် မြို့တွင်း၌ ပုံမှန်သွားလာမှုများရှိသော်လည်း စစ်ကောင်စီတပ်၏ လေယာဉ်များ ဝဲပျံမှုများလည်းရှိနေသည်ဟု သိရသည်။
ဒေသခံ ၁ ဦးက ” ဒီနေ့ နေ့လယ် ၁၁ လောက်မှာ မြေနီကုန်းဘက် လေယာဉ်ပျံတွေလာတယ်။ ဝဲပြီးပြန်သွားတယ်။ အခြေအနေက သိပ်တော့မကောင်းဘူး။ ရဲစခန်းဘေးဘက်နားက ကျန်းမာရေးရုံး လည်းဖယ်ခိုင်းထားတယ်ပြော တယ် ” ဟုဆိုသည်။
ထို့ပြင် ယနေ့တွင် မြဝတီမြို့ရှိ ပုဂ္ဂလိကဘဏ်များအားလုံး ပိတ်လိုက်သည်ဟု ဒေသခံများထံက သိရသည်။
စစ်ရေးတင်းမာမှုဖြစ်လာမည်ကိုစိုးရိမ်သည့်အတွက် မြဝတီဘက်ခြမ်းမှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းသို့ တိမ်းရှောင်လာသူများရှိသော်လည်း နေထိုင်ရေးတွင် အခက်အခဲများရှိသည်ဟု ပြောင်းရွှေ့လာသည့် ဒေသခံ ၁ ဦး က ပြောသည်။
၎င်းက ” တံတားထိပ် မြန်မာဘက်ခြမ်းမှာတော့ သူတို့ ( စစ်ကောင်စီ ) လူတွေရှိသေးတယ်။ အရင်လို ယူနီ ဖောင်းနဲ့တော့ မဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့။ ဒီဘက်မှာ ပြောင်းလာတော့ အခက်အခဲက အိမ်ငှားဖို့လည်း တန်းမလွယ်ဘူး။ စျေးတွေကလည်းတော်တော်မြင့်တယ် ” ဟုဆိုသည်။
မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ စကခ – ၁၂ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၃၅၅ ကို ပြီးခဲ့သည့် မတ်လ ၇ ရက်ကစ၍ စတင်ထိုးစစ်ဆင်ခဲ့ရာ ၁ လနီးပါးအကြာတွင် သင်္ဃန်းညီနောင်ဗျူဟာကုန်းစခန်းအပါအဝင် မြဝတီမြို့အနီးတဝိုက်အထိ KNLA ပူးပေါင်းတပ်များက ထိန်းချုပ်သိမ်းပိုက်ထားနိုင်ခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချစခန်းတွင် အရာရှိအဆင့် ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦး၊ စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနှင့် တပ် မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၁၄၀ ဦး လက်နက်ချခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်နက်ချအလင်းဝင်ရောက်လာသူ အရာရှိ၊ အခြားအဆင့်၊ ရဲမေများနှင့် တပ်မိသားစုဝင် စုစုပေါင်း ၆၁၇ ဦး ရှိသည်ဟု KNU ၏ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအချိန်တွင် မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်ဒေသနှင့် သင်္ဃန်းညီနောင်ဒေသအတွင်း တပ်စခန်း ၅ ခုသာကျန်ရှိတော့သည်။ ယင်းတို့မှာ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်း၊ လေးကေ့ကော်နှင့် မြဝတီမြို့ကြားရှိ မေတ္တာလင်းမြိုင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၁ ခု၊ မြဝတီမြို့မရဲစခန်း၊ မြို့မရဲစခန်းအရှေ့လမ်း ကာကင်းနှင့် မြို့မရဲစခန်းအနောက်လမ်းကာကင်းများ ဖြစ်သည်။
လက်ရှိတွင် မြို့စောင့်တပ် ခလရ -၂၇၅ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချရန် ညှိနှိုင်းနေသော်လည်း ငြင်းဆန်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ထို့အပြင် မြဝတီမြို့ကို အုပ်ချုပ်ခွင့်ရရန် ကြိုးစားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး – KNU ၏ ပြောရေးဆိုခွင့်ရှိသူများက သတင်းမီဒီယာများကို ပြောကြားထားသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ဧပြီ ၉ ရက်တွင် မြဝတီမြို့ရှိ ပုဂ္ဂလိကဘဏ်များပိတ်ထားမှုမြင်ကွင်း။
************
Telegram– > https://t.me/ThanLwinKhetNews/4237
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9110