TNLA က ဆေးရုံ ၃ ရုံအထိ ပြန်လည်ဖွင့်လှစ်ထားနိုင်
****
ယမင်းဖူးပွင့်အောင်
ဧပြီ ၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ဆေးရုံ ၃ရုံအထိ ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်ပြီဖြစ်သည်ဟု TNLA နှင့် နီးစပ်သူများထံက သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မြို့ပေါင်း ၇ မြို့ကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန် စသည့် ၃ မြို့နယ်တွင် ဆေးရုံများ ပြန်လည်ဖွင့်လှစ်ထားနိုင်ခြင်းဖြစ်သည်။
အဆိုပါ ဆေးရုံများကို CDM ကျန်းမာရေးဝန်ထမ်းများ၊ TNLA ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည်ဟု TNLA ရုံးပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က သံလွင်ခက်ကိုပြောသည်။
၎င်းက “ လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။ ဆေးရုံ ၁ ရုံပြန်လည်ပတ်ဖို့ဆိုတာ ဝန်ထမ်းတွေအများ ကြီးလိုအပ်တယ်။ တတ်သိတဲ့ဆေးပညာတွေအများကြီးလိုအပ်တယ်။ လာဆက်သွယ်တဲ့သူတွေကိုလည်း ကျွမ်း ကျင်ရာနေရာတွေမှာ နေရာချထားပေးတာမျိုးရှိတယ်” ဟုပြောသည်။
ကျန်သည့် မြို့နယ်များတွင်လည်း ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရန်စီစဉ်နေပြီး ဝန်ထမ်းလိုအပ်ချက်နှင့် အခြား အခက်အခဲများလည်းရှိနေသည်ဟု လွေးယေဦး က ဆက်ပြောသည်။
၎င်းက “တိုက်ပွဲအပြီးမှာ ကျန်းမာရေးဆေးရုံတွေကို ပြန်လည်ပတ်ဖို့ပြင်ဆင်နေတယ်။ မဖွင့်နိုင်သေးတဲ့ဆေးရုံတွေ ကတော့ အဆောက်အအုံတွေပြင်ဆင်တာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူထည့်သွင်းနေတာမျိုးတွေကြောင့် အချိန်ကြန့်ကြာနေတာဖြစ်ပါတယ်။ဆေးရုံကဝန်ထမ်းတွေနည်းပါးသေးတယ်။ အဆောက်အအုံတွေပျက်စီးသွား တယ်။ အသုံးအဆောင်ပစ္စည်းတွေ ပျောက်ဆုံးသွားတာမျိုး၊ လိုအပ်တာတွေပြန်ရှာပြီး ဆောင်ရွက်နေတာရှိတယ်” ဟုဆိုသည်။
လက်ရှိအချိန်တွင် ကျသင့်သည့်ဆေးကုသစရိတ်ကို လူနာများထံကယူကာကုသပေးနေသော်လည်း နောက်ပိုင်း တွင် အခြေခံကျန်းမာရေးအခွင့်အရေးများရရှိနိုင်အောင် ဆွေးနွေးနေကြသည်ဟု TNLA နှင့် နီးစပ်သူများထံက သိရသည်။
နမ္မတူဆေးရုံကို ပြီးခဲ့သည့် မတ်လကစ၍ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ထမ်း ၁၈ ဦးဖြင့် လည်ပတ်နေခြင်းဖြစ် သည်။
အဆိုပါ နမ္မတူဆေးရုံတွင် မြန်မာပြည်အောက်ပိုင်းက ဖိတ်ခေါ်ထားသည့် ကျွမ်းကျင် CDM ဆရာဝန်ကြီးအချို့နှင့် အတူ CDM ပြုလုပ်ထားသည့် ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ CBHT ဆရာ၊ ဆရာမများတာဝန်ထမ်းဆောင်နေ ကြသည်။
နမ့်ဆန်မြို့နယ်ဆေးရုံကို ဧပြီ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး လုပ် ငန်းများလည်း လုပ်ဆောင်ပေးနေသည်ဟု TNLA ထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့နှင့် ကွတ်ခိုင်မြို့ များကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – နမ့်ခမ်းမြို့ ဆေးရုံမြင်ကွင်း။
************
Telegram– > https://t.me/ThanLwinKhetNews/4221
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9077