မုပ္ပလင်ဂိတ်စခန်းကို ကျိုက်ထို KRF တိုက်ခိုက်
********
သဇင်
ဧပြီ ၅၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင် လမ်းဆုံဂိတ်အား KNLAနှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု KRF က ယနေ့တွင်ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၄ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့်ရှိသည့် မုပ္ပလင်လမ်း ဆုံဂိတ်အား စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ၍ စတင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပစ်ချခဲ့သည့် အဆိုပါ ဗုံးသီး ၄ လုံးသည် ဂိတ်ခေါင်မိုးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ် သားများထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု KRF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက သံလွင်ခက် ကိုပြောသည်။
၎င်းက “ထိခိုက်မှုကတော့ သူတို့ဘက်က သတင်းစုံစမ်းလို့မရ အောင်အုပ်ထားတယ်ဗျ။ ပစ်မှတ်ကို တည့်တည့်ကျတာဆိုတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်” ဟုဆိုသည်။
အဆိုပါ မုပ္ပလင်လမ်းဆုံဂိတ်တွင် ဘန်ကာများအခိုင်အ မာတည်ဆောက်ထားပြီးအင်အားတိုးချထားကာ ခရီး သွားပြည်သူများအား အတင်းအကြပ်စစ်မှုများလုပ် ဆောင်နေသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် မုပ္ပလင်လမ်းဆုံဂိတ်အားမဖျက်သိမ်းဘဲ အင်အားတိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်ပါက ယခုထက်ပိုမိုပြင်းထန်သောတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု KRFက သတိပေးထားသည်။
လက်ရှိ ဧပြီလ ၅ရက် နေ့လယ်ပိုင်းတွင် အဆိုပါစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတင်းကြပ်ထားပြီး ခရီးသွားပြည်သူများကို စစ်ဆေးနေသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုများ၏ ပြောပြချက်အရ သိရသည်။
ရုပ်သံ- မုပ္ပလင်လမ်းဆုံဂိတ်အားတိုက်ခိုက်ခဲ့သော ဗီဒီရိုဖိုင်
************
Telegram– > https://t.me/ThanLwinKhetNews/4195
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8979