စစ်ရှောင်များနေထိုင်ရာဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်
*******
နန်းဆုပန်ခန့်
ဧပြီ ၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ သင်္ဃန်းညီနောင်ဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်များနေထိုင်ရာဘုန်းကြီးကျောင်းအနီးဝန်း ကျင်ကို စစ်ကောင်စီ ခလရ – ၂၇၅ က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဧပြီ ၅ ရက် နံနက်ပိုင်းကစ၍ မြဝတီမြို့အနီးဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားနေရပြီး မြဝတီမြို့အထွက်ရှိ ခလရ – ၂၇၅ ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။
ခလရ – ၂၇၅ ကပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် စစ်ရှောင်များနေထိုင်ရာ ဇရပ်ဖြူကုန်း ဘုန်းကြီးကျောင်းဝန်းကျင်ကို ထိမှန်ခဲ့သည်ဟု အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသား ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ဝှေ့ရှမ်း၊ သင်္ဃန်းညီနောင်တကြောကို ဟိုမနက်ကတည်းက၂၇၅ က ပစ်တာပေါ့နော်။ ဇရပ်ဖြူကုန်းမှာ ၁ လုံးကျတယ်။ ဇရပ်ဖြူကုန်းစစ်ဘေးရှောင်ဘုန်းကြီးကျောင်းနားမှာ ၁ လုံးကျတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ မရှိသေးပါဘူး” ဟု ဆိုသည်။
သင်္ဃန်းညီနောင်အနီးတွင် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့ညကစပြီး လက်နက်ကြီးသံများ ကြားနေရ သည်မှာ ယနေ့နံနက်ခင်းပိုင်းအချိန်ထိပင်ဖြစ်သည်ဟု မြဝတီမြို့ပေါ်နေ အမျိုးသမီး ၁ ဦးကပြောသည်။
၎င်းက ” ညကတည်းကဆက်တိုက် အခုမနက်လည်းဆက်တိုက်ပဲအသံကြားနေရတယ်။ အနီးလေလိုဘဲ။ မြို့ပေါ် မှာ ဆိုင်ကယ်သံ ကားသံဆူညံနေပေမယ့် ကြားနေရတယ်။ အချက်ရေတော်တော်များတယ် ” ဟု ဆိုသည်။
လက်ရှိအချိန်ထိလည်း စစ်ကောင်စီလေတပ်က လေယာဉ်များဖြင့်လာရောက်ပစ်ခတ်လျက်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ် ၁ ဦးကပြောသည်။
၎င်းက ” Y -12 က ၃ ကြိမ်လာတယ်။ ဂျက်လေယာဉ်နဲ့လည်း ၃ စီးလာတယ်။ အခုချိန်ထိပတ်နေတုန်းပဲ။ တစ်ချက်တစ်ချက်ဆို ၄ စီး တပြိုင်တည်းပတ်တာ။ ဟောင်ဝှစ်ဇာနဲ့လည်းပစ်တယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက် နံနက် ၁၀ နာရီကျော်ကစ၍ သင်္ဃန်းညီနောင်ဒေသရှိ စစ်ကောင်စီကာကင်းနှင့် အထိုင်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ အတွင်း တော်လှန် ရေးရဲဘော်များထိခိုက်ကျဆုံးမှုရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျ ဆုံးမှုများရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များထံကသိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် သင်္ဃန်းညီနောင်အနီး ဝှေ့ရှမ်းကျေးရွာကို လေကြောင်း၊ လက်နက်ကြီးများဖြင့်ဗုံးကြဲပစ်ခတ်မှုကြောင့် နေအိမ်နှင့် ဆိုင်များပျက်စီးခဲ့သလို မတ်လ ၃၀ ရက် ညနေ ၃ နာရီခန့်တွင်လည်း ခလရ – ၂၇၅ က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် သင်္ဃန်းညီနောင်ရှိ ဘုန်းကြီးကျောင်းနှင့် ဗလီ စသည့် ဘာသာရေးအဆောက်အအုံများအပြင် ဒေသခံနေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးဆုံးရှုံးရသည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းကစတင်ခဲ့သော ကရင်ပြည်နယ်၊ တပ်မဟာ ၆ တိုက်ပွဲများအတွင်း မြဝတီနှင့် ကော့ကရိတ် ဒေသများ၌ မြေပြင်ထိုးစစ်မဆင်နိုင်တော့သည့် စစ်ကောင်စီတပ်များသည် လေကြောင်းကိုသာ အဓိကထိုးစစ်အဖြစ်အသုံးပြုနေရသည်ဟု စစ်ရေးနီးစပ်သူများကပြောသည်။
စစ်ကောင်စီသည် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ရင်ဆိုင်နေရသည့် တိုက်ပွဲများတွင် အရှုံးများဖြင့်သာရင်ဆိုင်နေရသည့်အတွက် ဒေသခံပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့် လုပ်ဆောင်လာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ် က ပြီးခဲ့သည့် မတ်လတွင် အစီရင်ခံခဲ့သည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – မတ်လ ၂၈ ရက်၊ ညပိုင်းတွင် လက်နက်ကြီးထိမှန်မှုကြောင့်ပျက်စီးသွားသည့် ဝှေ့ရှမ်းကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်။