ကျောက်တော်မြို့ ဗုံးကြဲခံရမှု ဒဏ်ရာရ သေဆုံးသူများရှိ
************
ခင်သရဖီဦး၊ သံလွင်ခက်။
ဧပြီ ၄၊ ၂ဝ၂၄။
ရခိုင်ပြည်နယ် ကျောက်တော်မြို့အား ယနေ့ နေ့လယ် ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက် လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခဲ့သည့်အတွက် အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့ ပိုက်သေရပ်ကွက်တွင် ရှိသည့် ရိပ်သာဆောင်နှင့် နေအိမ်များအား ၆ ချက်တိတိ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တော်မြို့ခံ တစ်ဦးက ဆိုသည်။
“ပထမဆုံး ဂျက်နှစ်စီး ပြီး ရိပ်သာဆောင်ကို တစ်ခေါက် လာပစ်တာ။ အဲဒီအချိန် လမ်းမှာ ဆိုင်ကယ်နဲ့ သွားနေကြတဲ့ ဗုံးစ ထိပြီး လူငယ်တစ်ဦး သေသွားတာပါ။ နောက်တစ်ကြိမ် ဂျက်နဲ့ ၅ ချက်လောက် ချသွားတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးခဲ့ရသော အမျိုးသားမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး ထိခိုက်ဒဏ်ရာရသူများတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။ ထိခိုက်ဒဏ်ရာရသူများ အခြေအနေကို သံလွင်ခက်မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်အနေဖြင့် တိုက်ပွဲ မရှိသည့် နေရာများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်သည်။
ယမန့်နေ့ ဧပြီလ ၃ ရက်တွင်လည်း မင်းပြားမြို့နယ် မြစ်နားရွာအား ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် သုံးဦး သေဆုံးပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ရှုံးနေသည့် စစ်ကောင်စီအနေဖြင့် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များအား နေ့စဥ်ကဲ့သို့ ဗုံးကြဲ တိုက်ခိုက်နေမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
************
Telegram– > https://t.me/ThanLwinKhetNews/4187
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8966