ဆီဆိုင်မြို့တွင်း ပြန်ဝင်သူများ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရ
*******
ယမင်းဖူးပွင့်အောင်
ဧပြီ ၄၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်း ပြန်ဝင်လာသည့် ပြည်သူ သုံးဦး မိုင်းနင်းမိကာ တစ်ဦးမှာ ခြေထောက်ပြတ်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဆီဆိုင်မြို့နယ်သည် လက်ရှိအချိန်တွင် စစ်ဇုန်အတွင်း ကျရောက်လျက်ရှိပြီး စစ်ကောင်စီက ထောင်ထားသည့် မိုင်းအများအပြားလည်း ရှိနေသေးသည်။ ထို့ကြောင့် မြို့ထဲသို့ ပြန်ဝင်မလာကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက တိုက်တွန်းပြောဆိုသည်။
“မြို့ထဲကို စွန့်စားပြီးတော့ ပြန်လည်ဝင်ရောက်နေထိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားနိုင်လို့ပါ။ အခုတောင်မှ မိုင်းနင်းမိတဲ့ ပြည်သူတွေ သုံးယောက်ထက်မနည်း ရှိနေပြီလို့ သိရပါတယ်။ အဲဒီထဲမှာမှ တစ်ယောက်က ကိုယ့်အိမ်ရှေ့မှာပဲ မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတယ်လို့ ကြားရတဲ့အတွက် ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီက ပြည်သူများကို အကာအကွယ်အဖြစ် လူသားဒိုင်းပြုလုပ်၍ မြို့ထဲ ဝင်ရောက်လာကာ ဆီဆိုင်မြို့ကို ၎င်းတို့ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြခဲ့ကြသည်။
စစ်ကောင်စီက ပြည်သူများကို ဓားစာခံအဖြစ် ခေါ်ဆောင်လာ၍သာ PNLA က မတိုက်ခိုက်ခြင်းဖြစ်ပြီး PNLA ၏ ထုတ်ပြန်ချက်များကို အစဉ်တစိုက်စောင့်ကြည့်ကာ လိုက်နာကြရန်လည်း ခွန်ရိန်းယံက မေတ္တာရပ်ခံထားသည်။
“မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေဖြစ်ပါတယ်။ ပြီးတော့ စစ်ကောင်စီက မိုင်းတွေ ထောင်ထားတာလည်း အများအပြား ရှိနေပါတယ်။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေလည်း အများအပြားရှိနေတဲ့အခါကျတော့ နေအိမ်ပြန်ဖို့ ဘေးကင်းတဲ့ အနေအထား မဟုတ်သေးပါဘူး။ ဒါကြောင့် လက်ရှိအခြေအနေမှာ မြို့တွင်းကို ပြန်ဝင်တာတွေ၊ ပြန်နေထိုင်တာတွေ ပြုလုပ်လို့ အဆင်မပြေပါဘူး။ အန္တရာယ် အလွန်ကြီးမားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်ကြည့်ကြဖို့၊ လိုက်နာကြဖို့ ထပ်ခါတလဲလဲ မေတ္တာရပ်ခံရတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်များကို မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သင့်သည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့် ဆီဆိုင်အမျိုးသားဒေသခံ တစ်ဦးက ပြောသည်။
“အမှန်က စစ်ရှောင်ရှိတဲ့ နေရာမှာ မိုင်းအန္တရာယ်ကင်းပညာပေးလုပ်ငန်း လုပ်ဖို့ အထူး လိုအပ်တယ်။ မိုင်းတွေ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ပြည်သူတွေကို သေချာပြောပြသင့်တယ်” ဟု ပြောသည်။
ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသလို ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့သည်ဟု CINCDS Myanmar က မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြေမြုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် အရပ်သားသေဆုံးမှုအရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့်ယှဉ်လျှင် ၂၀၂၃ တွင် သုံးဆကျော် တိုးလာခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းမတော်တဆမှုများကြောင့် အရပ်သား ၁၀၅၂ ဦး သေဆုံးခဲ့ရသလို ၅၉၉ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရကာ ၂၁ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်သည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့-UNICEF က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိုင်းသတိပြုရေးနေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ-ဆီဆိုင်မြို့အတွင်းရှိ မပေါက်ကွဲသေးသည့် စစ်ကောင်စီလက်နက်ကြီးကျည်အား တွေ့ရစဉ်။
ဓာတ်ပုံ-Khun Rain Yam’s Facebook
************
Telegram– > https://t.me/ThanLwinKhetNews/4186
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8961