မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့်သေဆုံးသူအရေအတွက် ၃ ဆ တိုးလာ
*******
သံလွင်ခက်
ဧပြီ ၄၊ ၂၀၂၄။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားနေသည့် ၃ နှစ်ကျော်ကြာမြင့်လာခဲ့သော လက်နက်ကိုင်တိုက်ပွဲများတွင် မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် အရပ်သားသေဆုံးသူအရေအတွက်က ၂၀၂၃ ခုနှစ်အတွင်း ၃ ဆကျော်တိုးလာခဲ့သည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းမတော်တဆဖြစ်ရပ်များကြောင့် အရပ်သား ၁,၀၅၂ ဦးသေဆုံးခဲ့သလို ၅၉၉ ဦးကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ပြီး ယင်းအနက်က ၂၁ ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်သည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ယနေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာမြေမြှုပ်မိုင်းသတိပြုရေးနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃၉၀ ဦးသေဆုံးခဲ့သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောပဋိပက္ခများအတွင်း နှစ်ဖက်စလုံးက ဖောက်ခွဲရေးပစ္စည်းများအသုံးပြုနေကြပြီး အဆိုပါ ပေါက်ကွဲစေတတ်သောလက်နက်များသည် ကလေးသူငယ်များအတွက်ဖြစ်သော စာသင်ကျောင်း၊ ကစားကွင်း နှင့် နေအိမ်အနီးပတ်ဝန်းကျင်များတွင် ပြန့်ကျဲလျက်ရှိနေသည်ဟု UNICEF ကပြောသည်။
မကြာသေးခင်လများအတွင်း နေပြည်တော်ကလွဲပြီး ကျန်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာခဲ့သည်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သည့်အရာများညစ်ညမ်းမှု အပြင်းထန်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေပါသည်။
အထူးသဖြင့် ကလေးသူငယ်များသည် ပေါက်ကွဲစေတတ်သောစစ်လက်နက် ပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဆုံးသောလူသားများဖြစ်သည့်အတွက် မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သောအန္တရာယ်များက ကလေးသူငယ်များအပေါ် ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်။
Ref: UNICEF
ဓာတ်ပုံ – UNICEF
************
Telegram– > https://t.me/ThanLwinKhetNews/4185
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8958