စစ်ရှုံးနေသည့် ရခိုင်မှ စစ်ကောင်စီတပ်သားများ မကွေးတိုင်းအတွင်း ထွက်ပြေး
*****
ယမင်းဖူးပွင့်အောင်
ဧပြီ ၄၊ ၂၀၂၄။
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်နိမိတ်ချင်း ထိစပ်ရာ မကွေးတိုင်းအတွင်းရှိ မြို့နယ်များသို့ ထွက်ပြေးလာကြသည်ဟု မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မကွေးတိုင်းအတွင်းသို့ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၃၄၆ မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဧပြီ ၁ ရက်တွင် မကွေးတိုင်းအခြေစိုက် People’s Revolution Alliance-PRA တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်များ ကိုင်ဆောင်လာခြင်း မရှိဘဲ အရပ်သားအသွင်ယူကာ ထွက်ပြေးလာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PRA စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ လှုပ်ရှားတဲ့ ဒေသကို ဝင်လာတယ်။ ကျွန်တော်တို့ စစ်ကြောင်းတွေ ရှိတဲ့ နေရာကို ဝင်လာတယ်။ မသင်္ကာလို့ စစ်ကြည့်တဲ့ အချိန်ရောက်မှ တပ်ပြေးတွေမှန်း သိရတယ်။ ပြေးလာတာကတော့ ရခိုင်ဒေသမှာ စစ်ရှုံးလို့ပေါ့နော်။ အတိုက်ခံရပြီး သေမလား။ ငတ်ပြီးတော့ သေမလား။ ဒီနှစ်လမ်းပဲ ရှိတော့တဲ့ အခြေအနေမျိုးပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာတာ” ဟု ၎င်းက စစ်ဆေးမေးမြန်းပြီးနောက် သိရသည်ကို ပြောသည်။
တိုက်ပွဲအတွင်းဖြစ်စေ၊ ထွက်ပြေး၍ဖြစ်စေ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများကို လိုအပ်သလို စစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာရောက်ပူးပေါင်းပါက ဝမ်းပန်းတသာ ကြိုဆိုမည်ဟု စစ်ရေးတာဝန်ခံက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်ကလည်း မင်းပြားမြို့နယ် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း-တတက တိုင်းဗဟို ၉ မှ စေတုတ္တရာ ကပစ-၂၀ ဘက်သို့ ထွက်ပြေးလာသည့် ခလရ-၆၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို PRA က ဖမ်းဆီးရမိခဲ့သည်။
တတက-၉ ကျောင်းကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၆ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်။
ကိုယ်လွတ်ရုံးထွက်ပြေးသွားသည့် ကျောင်းအုပ် ဗိုလ်မှူးချုပ်ကျော်ထင်နှင့် အင်အား ၃၀၀ ပါအဖွဲ့သည် စေတုတ္တရာမြို့နယ် အမှတ်-၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံသို့ ရောက်ရှိသွားခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ် အမ်းမြိုနယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းရွာတို့ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်း ကားလမ်းကို ရက်အကန့်အသတ်မရှိ အရေးပေါ်ပိတ်လိုက်သည်ဟု ရက္ခိုင့်တပ်တော်-AA က ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချအညံ့ခံရန်လည်း AA က ထုတ်ပြန်ထားသည်။
ပုံစာ-ဖေဖော်ဝါရီ ၂၆ ရက်က AA သိမ်းပိုက်ခဲ့သည့် တိုင်းဗဟို-၉ ကျောင်း။ (AA Info Desk)