အင်အားဖြည့်ရန်လာသော စစ်ယာဉ်တန်းတိုက်ခိုက်ခံရ
*****************
သဇင်
ဧပြီ ၁၊၂၀၂၄။
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အမတ – ၃၀၂တပ်ရင်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်တန်းအားကြားဖြတ်တိုက်ခတ်မှုခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ဦးဝန်းကျင် ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည်ဟု ဗထူးတပ်မတော်က ယနေ့တွင်သတင်းထုတ်ပြန်သည်။
မတ် ၃၁ရက်၊ မနက် ၇ နာရီခွဲခန့်တွင် မြေတင်ကား ၂ စီးဖြင့် အမတ – ၃၀၂ တပ်ရင်းသို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီယာဉ်တန်းအား ရေး-ထားဝယ်လမ်းမကြီးပေါ်တွင် KNLA နှင့် ဗထူးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက် က” ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်တဲ့ အချိန်မှာ နောက်ကနေပါလာတဲ့ ကား ၁ စီးက လမ်းဘေးထိုးကျပြီး တိမ်းမှောက်သွားတယ်။ အဲဒီကားပေါ်မှာပါတဲ့ စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်လောက်ကတော့ အကုန်လုံးနီးပါးထိခိုက်သေဆုံးတာရော ဒဏ်ရာရတာရော ရှိတယ်”ဟုဆိုသည်။
ဗထူးတပ်မတော်နှင့် ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ထိုတိုက်ခိုက်မှုအား KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ နှင့်ဗထူးတပ်မတော် BHAတို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။
၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီအား စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ်တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တရားဝင်အသိပေးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစား လိုက်နာရန် ဗထူးတပ်မတော်က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – BHA
ပုံစာ – ကြားဖြတ်တိုက်ခိုက်မှုကြောင့်တိမ်းမှောက်ခဲ့သည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် မြေတင် ကားမြင်ကွင်း။
************
Telegram– > https://t.me/newstlk/4120
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8855