တစ်ပတ်အတွင်း မိုးမောက် – လွယ်ဂျယ်လမ်းပိုင်းကို KIA ထိန်းချုပ်ထားနိုင်
*******
ထွယ်
ဧပြီ ၁၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီဗျူဟာကုန်းအပါအဝင် တပ်စခန်း ၁၁ ခုကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်းလက်လွှတ်ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပြင်းပြင်းထန်ထန်ခုခံနေသည့်ကြားက မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ် ဖွဲ့ဝင်များ တပ်စွဲထားသည့် စိန်လုံကဘာ (စိန်လုံကြီး) ဗျူဟာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၇ နာရီခန့်တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်း သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများစု ထွက်ပြေးသွားသည်ဟု KIA သတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကို ပြော သည်။
၎င်းက “ လောလောဆယ်တော့ သေနတ်အကြီး ၂ လက်နဲ့ လက်နက်တွေအများကြီးရတယ်တဲ့။ ပစ္စည်းသယ်ဖို့ ကားကြီး ၈ စီးလောက်တက်သွားပြီ။ နယ်မြေရှင်းလင်းရေးက အခုထိ လုပ်နေတုန်း” ဟု ပြောသည်။
အဆိုပါ ဗျူဟာစခန်းအနီးတွင် စစ်ကောင်စီတပ်စခန်း ၅ ခုရှိသည်ဟု KIA သတင်းရင်းမြစ်ကပြောသည်။ ထို တပ်စခန်း ၅ ခုကိုလည်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်က တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေ သည်မှာ ၁ လ ခန့်ရှိပြီဖြစ်ပြီး မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည်မှာလည်း ၁ ပတ်ခန့်ရှိပြီဖြစ်သည်။
စိန်လုံတောင်အနီးတပ်စွဲထားသည့် ယောရုံတောင်တပ်စခန်းကို စစ်ကောင်စီဗျူဟာမှူးကိုယ်တိုင်ကြီးကြပ်နေပြီး အဆိုပါတပ်စခန်းနှင့် စိန်လုံတောင်ရှိစစ်ကောင်စီတပ်စခန်းအပါအဝင် တပ်စခန်း ၁၁ ခုကို KIA နှင့် ပူးပေါင်းတပ်က မတ်လ ၂၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီး ၆ ရက်အကြာတွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့သည်ဟု သံလွင်ခက်၏ KIA သတင်းရင်းမြစ်ထံက သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်တွင် မိုးမောက်မြို့အခြေစိုက် ခမရ – ၄၃၇ တပ်ရင်းက စိန်လုံတောင်ဘက်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့်လည်း ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့သည်။
မိုးမောက်မြို့နယ်တွင် မိုးမောက်မြို့အခြေစိုက် ခမရ – ၄၃၇ တပ်ရင်း တစ်ရင်းသာကျန်ရှိပြီး စစ်ရေးအရ အရေးပါသည့် မိုးမောက်-လွယ်ဂျယ်ကြားတောင်ကြောပေါ်ရှိ စိန်လုံနှင့် ယောယုံတောင်ကုန်းများတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA နှင့်ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးခဲ့ပြီး မိုးမောက် – လွယ်ဂျယ်လမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ပြီဟု KIA သတင်းရင်းမြစ်က ဆိုသည်။
၎င်းက “မိုးမောက်မြို့ကနေထွက်ရင် စစ်ကောင်စီတပ်စခန်း တစ်ခုမှမရှိတော့ဘူး။ မြစ်ကြီးနားဘက် တက်တာဖြစ် ဖြစ်၊ လွယ်ဂျယ်ဘက်ဖြစ်ဖြစ် စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘူး” ဟု ပြောသည်။
မတ်လ ၂၉ ရက်တွင် မိုးမောက်မြို့နယ် မန်နောင်နှင့် နောင်းအိန်ကျေးရွာကြား၌ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်း တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးခဲ့သည်။
************
Telegram– > https://t.me/newstlk/4108
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8845