၄ လအတွင်း ကော့ကရိတ်မြို့တွင် နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီး
*******
နန်းဆုပန်ခန့်
မတ် ၃၀၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ၄ လတာကာလအတွင်း နေအိမ် ၅၀၀ ကျော် မီး လောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ဒီဇင်ဘာလ ၁ ရက်ကစ၍ ကော့ကရိတ်မြို့တွင်းနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ ၄ လတာကာလအတွင်း စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – ၉၇ က ဒရုန်းဖြင့် မီးလောင်ဗုံးများကြဲချခဲ့သောကြောင့် ဒေသခံနေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ကော့ကရိတ်ဒေသခံ အမျိုးသား ၁ ဦး
က သံလွင်ခက်ကိုပြောသည်။
၎င်းက “ ထုံးစံအတိုင်းပေါ့ ဒရုန်းနဲ့လာကြဲတာ။ နောက် ပိုင်း မီးလောင်မူတွေက ဒရုန်းနဲ့ချတဲ့ မီးလောင်ဗုံးတွေပါ။ မနေ့ကဆိုရင် ၄ ကြိမ်ထက်မနည်းတော့ရှိပါတယ်။ မီးကအဆက်ပြတ်ပုံမရဘူး။ နေ့ခင်းမီးက ညဘက်ထိ ကူးသွားပုံရတယ်။ မီးလောင်စာရင်းကတော့ ခုညပါဆို ၅၀၀ ကျော်ပြီ “ ဟု ဆိုသည်။
ယမန်နေ့ နေ့လည်ပိုင်းကစ၍ ညပိုင်းအချိန်ထိ ကော့ကရိတ်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နကစပြီး မြို့ပေါ်နေ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် မီးသတ်ဝန်ထမ်းများလည်း မရှိတော့ဟု ဒေသခံအမျိုး သား ၁ ဦးကပြောသည်။
၎င်းက “ မီးသတ်ကားတွေ မရှိတာကြာပြီ။ ဝန်ထမ်းတွေလည်းမတွေ့တော့ဘူး။ မြို့ထဲမှာလည်း အိမ်စောင့်တွေမရှိတော့ မီးလောင်ရင်လည်း ဒီအတိုင်းပဲလောင်တာပေါ့။ ဆင်းရဲသားအများစုနေတာဆိုတော့ အိမ်ခြေတွေကစိပ်တယ်။ ရပ်ကွက် ၇ နဲ့ ၄ ကတော့ အထိနာဆုံးပါ။ ကုန်သလောက်ရှိနေပြီ။ ၅ လည်းလောင်တယ်။ ရပ်ကွက် ၁ ချောင်းဦးစေတီနားလည်း လောင်တယ်။ ၂နဲ့ ၃ ကတော့ စစ်တပ်နဲ့နီးတော့ သိပ်မလောင်ဘူး” ဟု ဆိုသည်။
ကော့ကရိတ်မြို့ ရပ်ကွက် ၄၊ ၅၊ ၇ အနီးရှိ စစ်ကောင်စီကာကင်းတချို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စွဲထားနိုင်ခဲ့သဖြင့် အဆိုပါရပ်ကွက်များကို ခလရ – ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် မီးလောင်ဗုံးကြဲခြင်းများပြုလုပ်ခဲ့သည့်အတွက် နေအိမ်များ မီးလောင်ပျက်စီးနေရသည်။
ကော့ကရိတ်မြို့ပေါ်တွင် ခလရ – ၉၇ ကတပ်စွဲထားပြီး မြို့ပြင်တွင် အခြားတပ်ရင်းများလည်း ဝန်းရံထားသည်ဟု စစ်ရေးနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။
၎င်းက “ မြို့တွင်းတပ်က ၉၇ တပ်ရင်းပဲ။ သူက အဂ်လိပ်ခေတ်ကတည်းကရှိတဲ့ မြို့စောင့်တပ်နေရာပါ။ စျေးနဲ့ရဲစခန်း ဘောလုံးကွင်းအနီးတဝိုက်ဝန်းကျင်မှာတော့ ကာကင်းတချို့တော့ရှိတယ်ပေါ့။ ရပ်ကွက် ၇ ဘက်ဆို ပန်းခြံတဝိုက် တပ်ကာကင်းတော့ရှိတယ်။ မြို့ပြင်မှာတော့ ၂၃၀၊ ၂၃၁၊ စကခ ၁၂ အမြောက်တပ်ရှိပါတယ်၊ ကော့ကရိတ်မြို့က တပ်တွေကြားကမြို့ပါ“ ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလနှောင်းပိုင်းတွင် မြ၀တီ-ကော့ကရိတ်လမ်းမကြီးအား ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ကာ ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေသည်ဟု ကျားသစ်နက်စစ်ကြောင်းက ဒီဇင်ဘာလ ၁၀ ရက်၌ ထုတ်ပြန်ထားသည်။
ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ၃
လခန့်ကြာတိုက်ခိုက်ပြီးနောက် မြို့၏ ၆၀ ရာခိုင်နှုန်းခန့်သိမ်းပိုက်ထားနိုင်ပြီဟု တောင်ပိုင်းတိုင်းစစ်ဒေသက ဖေ ဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – ယမန်နေ့ညနေတွင် ကော့ကရိတ် အမှတ် ၄ ရပ်ကွက် မီးလောင်ကျွမ်းမှုမြင်ကွင်း။
************
Telegram– > https://t.me/newstlk/4079
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8821