ကျိုက်မရောမြို့နယ် ဓမ္မသနှင့် သံကလောင်ရွာကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွား
*******
သဇင်
မတ် ၃၀၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာနှင့် သံကလောင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ကော့ဘိန်းတိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုက်မရောမြို့နယ် တရနာကျေးရွာဘက်တွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဓမ္မသကျေးရွာအနီးရှိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များကြား ယမန်နေ့ မတ်လ ၂၉ ရက် ည ၁၀ နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒေသခံအမျိုးသား ၁ ဦးက “မနေ့ညက တော်တော်ကြီးတယ်။ အပြန်အလှန်ပစ်ကြတာ ၃ နာရီလောက်ကြာတယ်။ ရွာပြင်ဘက်မှာဆိုတော့ ဒေသခံထိခိုက်မှုတော့မရှိဘူး”ဟု ဆိုသည်။
ထို့ပြင် ရွာတွင်းပိတ်မိနေသည့်ဒေသခံများကိုလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ကူညီကယ်ထုတ်ပေး နေသည်ဟု သိရသည်။
ကယ်ဆယ်ရေးလုပ်ဆောင်နေသူအမျိုးသား ၁ ဦးက “အထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်ထုတ်နေတယ်။ အခုထိ မပြီးသေးဘူး။ အခုလည်း လက်နက်ကြီးနဲ့ပစ်နေတာမျိုးရှိသေးတယ်” ဟုဆိုသည်။
မတ်လ ၂၇ ရက်မွန်းလွဲပိုင်းကစပြီး စစ်ကောင်စီက ဓမ္မသကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်နေသည်မှာ ၄ ရက်မြောက်လာခဲ့ပြီဖြစ်ပြီး ကုန်းကြောင်း၊ရေကြောင်းအပြင် လေကြောင်းကပါ တိုက်ခိုက်နေသဖြင့် ဓမ္မသကျေး ရွာရှိ နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးထားကာ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရသည်။
ဓာတ်ပုံ – Aung Myo Thein
ပုံစာ – ဓမ္မသကျေးရွာ စစ်ဘေးရှောင်ပြည်သူများ။
************
Telegram– > https://t.me/newstlk/4074
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8818