ရခိုင်စစ်ရှောင်များ၏နေအိမ်များ ဖောက်ထွင်းခံနေရ
*****
ခင်သရဖီဦး
မတ် ၂၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်ဒေသတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ၏ နေအိမ်များ ဖောက်ထွင်းခံနေရသည်ဟု ဒေသခံများထံက သိရသည်။
ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီကြား တကျော့ပြန်လည်ဖြစ်ပွားခဲ့သည့် မြို့ပြတိုက်ပွဲများကြောင့် ဒေသခံများသည် နေအိမ်များအားစွန့်ခွာ၍ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြစဉ် ယခုကဲ့သို့ နေအိမ်များ ဖောက်ထွင်းခံနေရခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
AA သိမ်းပိုက်ထားသည့် မြို့နယ်များအပြင် စစ်တွေကဲ့သို့ မြို့များတွင်လည်း ယခုကဲ့သို့ ဖောက်ထွင်းခံရမှုများ ရှိနေခြင်းဖြစ်သည်။
မြောက်ဦးမြို့က လူငယ် ၁ ဦးက “စစ်တွေ၊ ရမ်းဗြဲ၊ မြောက်ဦး အကုန်ပါတယ်။ တချို့ဆို ရွှေတွေလည်း ပါသွားတယ်လို့ သိရတယ်။ စားကုန်တွေရောပေါ့။ အိမ်ဖောက်ခံရတဲ့ကိစ္စက ခဏခဏ ကြားနေရတယ်။ ဒါကို တာဝန်ရှိသူတွေက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လိုတယ်” ဟု ဆိုသည်။
AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်များအား စစ်တပ်ကလေကြောင်းဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည့်အတွက် ဒေသခံတချို့ နေအိမ်စွန့်ခွာနေကြရသည်။
ရမ်းဗြဲမြို့ လောင်းချောင်းရပ်ကွက်တွင်လည်း နေအိမ်အတွင်းကပစ္စည်းများ တစ်ခုမကျန် ခိုးယူခံခဲ့ရသည်ဟု ဖောက်ထွင်းခံရသူ ၁ ဦးက ဆိုသည်။
၎င်းက “အိမ်ကို ခဏခဏ သွားမကြည့်ရဲဘူး။ အစောင့်မထားဘူးလေ။ အိမ်မှာရှိတဲ့ ဆိုင်ကယ်ပါသွားတယ်။ အဝတ်အစားတွေရော၊ ထမင်းအိုးကအစ အိုးခွက်ပန်းကန်တွေအကုန် တစ်ခုမကျန်ယူသွားကြတယ် ” ဟု ဆိုသည်။
ယင်းကဲ့သို့ နေအိမ်ဖောက်ထွင်းမှုများသည် ယခင်ကတည်းကရှိနေသော်လည်း လက်ရှိတွင် ပိုမိုများပြားလာ ခြင်းဖြစ်သည်။
စစ်တွေမြို့ကနေအိမ်ဖောက်ထွင်းခံရသူ ၁ ဦးက ” ကျွန်တော့်အိမ်မှာဆိုရင် ရေခဲသေတ္တာရော၊ ဓါးတွေရော ရှိသမျှ အကုန်ယူသွားတယ်။ ဟောင်းနေတဲ့ အဝတ်တွေကအစ ယူသွားကြတယ်။ တစ်ခုမှ မထားခဲ့ဘူး ” ဟုဆိုသည်။
လက်ရှိအချိန်၌ ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး တစ်ဖက်တွင်လည်း စားဝတ်နေရေး အကြပ်အတည်းများအား ဒေသခံများရင်ဆိုင်နေကြရသည်။
လက်လုပ်လက်စားများသာမက အစိုးရဝန်ထမ်းများသည်လည်း လစာပုံမှန်မရသည့်အတွက် အကြပ်အတည်းနှင့် ကြုံနေရသည်ဟု အရပ်ဘက်အဖွဲ့အစည်း – CSO တစ်ခုက အမျိုးသမီး၁ ဦးက ဆိုသည်။
၎င်းက ” အခုအနေအထားမှာ အကုန်လုံးရင်ဆိုင်နေရတာက အလုပ်အကိုင်မရှိတာဘဲ။ ရိုးရိုးလက်လုပ်လက်စား တွေရော၊ ဝန်ထမ်းတွေရော၊ တစ်ရက်စာကို တစ်ရက်ရှာစားရတဲ့လူတွေရော အကုန်ခက်ခဲကြတယ်။ တစ်ခုက မရရင် တစ်ခုကနေရဖို့ သူတို့ နည်းလမ်းပေါင်းစုံနဲ့ ရှာစားလာကြတယ်ပေါ့။ ဆိုတော့ အခုလိုမျိုးတွေ ပိုပြီး ကြုံလာ ရနိုင်တာပေါ့” ဟု ဆိုသည်။
စားဝတ်နေရေး အကြပ်အတည်းများကြောင့် ယခုကဲ့သို့ဖောက်ထွင်းမှု၊ ခိုးမှုများရှိလာခြင်းဖြစ်သည်ဟုလည်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားနေသည့်မှာ ၄ လကျော်ခန့်ကြာမြင့်လာပြီဖြစ်ကာ စစ်ဘေးရှောင်များမှာလည်း သိန်းနှင့်ချီရှိလာနေပြီဖြစ်သည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – စစ်တွေမြို့၊ ရွှေပြည်သာတိုက်တန်း။
************
Telegram– > https://t.me/newstlk/4038
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8764