ဖာပွန်မြို့ကို KNU ထိန်းချုပ်၊ မြို့ပေါ်လူထုများကိုခေါ်ထုတ်ပေးထား
*******
သံလွင်ခက်
မတ် ၂၈ ၊ ၂၀၂၄ ။
ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်ထိန်းချုပ်ထားပြီးဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံကသိရသည်။
ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်များကို KNLA ၊ BPLAနှင့် PDF ပူးပေါင်းတပ်များက စစ်ဆင်ရေးဆောင်ရွက်နေ သည်မှာ ၁ ပတ်ကျော်ရှိလာပြီးနောက် မြို့တွင်းရှိစစ်ကောင်စီတပ်များသည် ဗျူဟာကုန်းနှင့် ခလရ ၁၉ တပ်များရှိ ရာသို့ဆုတ်ခွာသွားခဲ့သည်။
” မြို့ထဲမှာက ရဲစခန်းရယ်။ ရပ်ကွက် ၂ က ဝေဠုဝန်ဘုန်းကြီးကျောင်းမှာပဲ တပ်တွေရှိတာ။ ကျန်တဲ့ ခမရ – ၃၄၀ ၊ ၃၄၁ ၊ ၄၃၄ တပ်တွေက မြို့ပြင်ဘက်မှာ၊ အဲဒါတွေက ဗျူဟာနဲ့ ခလရ ၁၉ မှာ သွားပေါင်းကြတာ”ဟု ရပ်ကွက်၂ ဒေသခံ အမျိုးသား ၁ ဦးကပြောသည်။
ဗျူဟာကုန်းနှင့် ခလရ ၁၉ တို့သည် ဖာပွန်မြို့နှင့် ၂ မိုင်ခန့်ကွာဝေးပြီး မြို့တွင်းရှိစစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီးနောက် KNLA နှင့် ပူးပေါင်းတပ်များက မြို့ပေါ်၌ကျန်ရှိနေသေးသည် ဒေသခံများကို ခေါ်ထုတ်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။
“မြို့ထဲမှာ လူကမကျန်လောက်တော့ဘူး။ သူတို့ကကားတွေနဲ့ပတ်ပြီး ခေါ်ထုတ်ပေးတာ” ဟု ရပ်ကွက်၂ ဒေသခံအမျိုးသားက ပြောသည်။
ဖာပွန်မြို့တွင် ရပ်ကွက် ၄ ခုရှိပြီး လူဦးရေ ၃,၃၀၀ ကျော်ရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရသိရသည်။
ဖာပွန်မြို့ပေါ်ကဒေသခံများကို ပူးပေါင်းတပ်များက ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ဘက်သို့ ခေါ်ထုတ်ပေး ခြင်းဖြစ်သည်ဟု သိရသည်။
ဖာပွန်မြို့တောင်ဘက်တွင်အခြေချသည့် စဗခ (၁) ရတခ လက်အောက်ခံတပ်ရင်းစခန်းများတည်ရှိရာ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင်နှင့် ဝေဆာ ၏ ကူးလူးဆက်သွယ်ရေးလမ်းများအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မတ်လ ၁၉ ရက်ကစ၍ ဝိုင်းရံပိတ်ဆို့ဖြတ်တောက် ထားလိုက်ပြီဖြစ်သည်ဟု ကေအဲန်ယူတပ်မဟာ ၅ က သတင်းထုတ်ပြန်ထားသည်။
ဖာပွန်မြို့စစ်ဆင်ရေးအတွင်း စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဗုံးသီးများဖြင့် ရာချီဗုံးကြဲခြင်းများပြုလုပ်နေပြီး မတ်လ ၂၄ ရက်တွင် လည်း ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ က ထုတ်ပြန်ထားသည် ။
ပုံစာ – ဖာပွန်မြို့တွင်း ဝင်ရောက်နေရာယူထားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး။