စစ်ရှုံးနေသည့်စစ်ကောင်စီက အမ်းမြို့တွင် ဂျက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်နေ
*******
ခင်သရဖီဦး
မတ် ၂၈၊ ၂၀၂၄။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ ယခုသီတင်းပတ်အတွင်းကစ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မတ်လ ၂၈ ရက်တွင် စစ်ကောင်စီလေတပ်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၉ နာရီခန့်ကစ၍ စစ်တပ်က Mi-35 ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ စက်သေနတ်များဖြင့် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည့် ပြောင်သေ၊ ငလက်ကျ၊ လုံး စသည့် ကျေးရွာအနီးဝန်း ကျင်ရှိ တောင်တန်းများသို့ ပစ်ခတ်နေခြင်းဖြစ်သည်ဟု အမ်းဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်သတင်းဌာနကို ပြော သည်။
၎င်းက “နတ်စင်တောင်၊ လုံးအနီးအနားကတောင်တန်းတွေဘက်ကို အမ်းလေဆိပ် အထက်အဆင့်ကရော၊ မကွေး ဘက်ကရော ဂျက်တွေနဲ့ နံနက် ၉ နာရီလောက်ကနေ ပစ်နေတာပါ။ အခု ၁ နာရီကျော်အချိန်ထိ လာရောက်ပစ် ခတ်နေတာ ရှိတယ်။ စက်သေနတ်တွေနဲ့ရောပါပဲ။ အဓိကကတော့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်တန်းတွေ ကို အဓိကပစ်တယ်လို့ သိရပါတယ်” ဟု ပြောသည်။
အမ်းတွင် ယမန်နေ့ မတ်လ ၂၇ ရက် တွင် စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော် တို့ကြား ထိတွေ့တိုက်ပွဲ ၃ နေရာ ထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈၀ ခန့် သေဆုံးခဲ့သည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက “ ပြောင်သေနားမှာ ၁၅၀ လောက် စစ်ကြောင်းထွက်တာမှာ ၇၀ လောက်ပဲ လုံးရွာကို တပ်ဆုတ်ပြီး ပြေး သွားတယ်လို့သိရတယ်။ သူတို့ တပ်ဆုတ်တဲ့အခါ လက်နက်ခဲယမ်းတွေကိုလည်း ချန်ထားတယ်။ ကျောပိုးအိတ် တွေကိုတောင်ချန်ပြီးတော့ ထွက်ပြေးကြတယ်လို့ သိရတယ် ” ဟု ဆိုသည်။
အမ်းတွင် စစ်တပ်အနေဖြင့် ခမရ – ၃၇၁၊ ခမရ – ၃၇၂ နှင့်ခမရ ၃၇၃ တို့ အခြေစိုက်ထားသည်။
တိုက်ပွဲများအပြင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အမ်းမြို့ခံ များနှင့် ကျေးရွာအများအပြားကဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်ရှောင်နေကြရသည်။
ချင်းပြည်နယ်ရှိ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၈ မြို့နယ်အား ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည်။
************
Telegram– > https://t.me/newstlk/4032
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8751