စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ရန် ကနေဒါ ဆို
*****
ယမင်းဖူးပွင့်အောင်
မတ် ၂၇၊ ၂၀၂၄။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံတကာဥပဒေကို ကြီးလေးစွာချိုးဖောက်နေပြီး စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များရပ်တန့်ရန် မြန်မာနိုင်ငံ၊ ကနေဒါသံရုံးက ယနေ့တွင်ကျရောက်သည့် တပ်မတော်နေ့ဆိုင်ရာ ကြေညာချက်၌ ထုတ်ပြန်သည်။
စစ်ကောင်စီသည် နိုင်ငံတကာဥပဒေကို ကြီးလေးစွာချိုးဖောက်နေသည့် လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာများ၊ ကိုးကွယ်ရာ ဘာသာရေးအဆောက်အအုံများကို လေကြောင်းကတိုက်ခိုက်ခြင်း အပါအဝင် အရပ်သား များနှင့် အရပ်သားများ၏ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုးသမီးများကို လိင်အကြမ်းဖက် မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်းများကိုလည်း ကနေဒါက ရှုတ်ချထားသည်။
“စစ်တပ်ကို ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကျူးလွန်ခြင်းအား ရပ်တန့်ရန် ထပ်မံတောင်းဆို လိုက်ပြီး မြန်မာနိုင်ငံအား လက်နက်များ၊ စစ်တပ်ဆိုင်ရာကိရိယာများ၊ စစ်ဘက်-အရပ်ဘက်သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာအထောက်အပံ့များ ပေးနေခြင်းကို ချက်ချင်းရပ်တန့်ရန် နိုင်ငံများအားလုံးကို တိုက်တွန်းလိုက်သည်” ဟု ကနေဒါသံရုံး က ဆိုသည်။
ရိုဟင်ဂျာများအပါအဝင် ထိလွယ်ခိုက်လွယ်သူများကို စစ်တပ်က လုံခြုံရာနေရာများသို့ ရွှေ့ပြောင်းခွင့်ပြုရန် ငြင်း ဆိုခြင်းသည် လုံးဝလက်ခံ၍မရသောအခြေအနေဖြစ်ပြီး ကနေဒါက မြန်မာပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော၊ အားလုံးပါဝင်သော အနာဂတ်မျှော်မှန်းချက်များနှင့် တသားတည်းရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်တပ်၏ အခန်းကဏ္ဍမှာ ပြည်သူများကိုစောင့်ရှောက်ရန်နှင့် တိုင်းပြည်ကိုကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ် သည် အဆိုပါတာဝန်ကိုထမ်းဆောင်ရန် ပျက်ကွက်နေသည်။
မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် ခြင်းများကိုလည်း ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်ဟု သိရသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo – Credit
************
Telegram– > https://t.me/newstlk/4022
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8726