ဆီဆိုင်မြို့တွင်းပြန်ဝင်ရန်ကြိုးစားသူများကို စစ်ကောင်စီပစ်ခတ်
***************
ယမင်းဖူးပွင့်အောင်
မတ် ၂၇၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် မြို့တွင်းပြန်ဝင်ရန်ကြိုးစားနေသည့် ပြည်သူများကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ပြည်သူအချိူ့ထိခိုက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိသည်ဟု ဒေသခံများထံကသိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်း ပြည်သူတချို့က အရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစားနေပြီး စစ်ကောင် စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိရာ ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ ရသလို အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေသူများလည်းရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် – PNLA က ယနေ့နေ့လယ်တွင် ထုတ်ပြန်သည်။
ဆီဆိုင်မြို့နှင့် အနီးဝန်းကျင်တွင် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက တင့်ကားများအသုံးပြု ကာထိုးစစ်ဆင်နေသလို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ၏ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိသည်။
ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းကျရောက်နေပြီး တိုက်ပွဲများပြင်းထန်လျက်ရှိနေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ဝင်ရောက်ခြင်းများ လုံးဝမပြုလုပ်သင့်ဟု PNLA က အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် PNLA ၏ တရားဝင်သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိဘဲ မြို့တွင်းသို့ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် PNLA က တိုက်တွန်းထား သည်။
ယင်းအပြင် မဲနယ်တောင်ဒေသသို့ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ရောက်ရှိသည့် ပအိုဝ်းကျေးရွာများတွင် ပြည်သူများ၏အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများပြုလုပ်လျက်ရှိသည်။
ယမန်နေ့ကလည်း လုံးဒါကျေးရွာအတွင်းသို့ စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ၏ ပစ္စည်း များခိုးယူသယ်ဆောင်ခဲ့ကာ လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့သည်ဟု သိရ သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်ကစ၍ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ် ပွားနေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပအိုဝ်းဒေသများသို့ နေ့စဉ် ပစ်ခတ်တိုက်ခိုက် လျက်ရှိသည်။
ဓာတ်ပုံ – PNLA
ပုံစာ – စစ်ကောင်စီပစ်ခတ်မှုကြောင့် ပျက်စီးနေသော ဆီဆိုင်မြို့မြင်ကွင်း။
************
Telegram– > https://t.me/newstlk/4021
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8722