ခွဲကဘောင်ရွှေ့ပြောင်းကျောင်းတွင် ကျောင်းသားဦးရေ ၄၀၀ ကျော်လက်ခံမည်
*****
သဇင်
မတ်လ ၂၇၊၂၀၂၄။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့ရှိ ခွဲကဘောင် ကရင်အမျိုးသား အထက်တန်းကျောင်းတွင်
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ ၄၀၀ ကျော်လက်ခံသွားမည်ဟု ကျောင်းတာဝန်ရှိသူများထံက သိရသည်။
ခွဲကဘောင် – ကရင်အမျိုးသားအထက်တန်းကျောင်းတွင် မတ်လ ၂၅ ရက်ကစတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ယနေ့ မတ်လ ၂၇ ရက်အထိသာ ကျောင်းအပ်လက်ခံသွားမည်ဟု ဆိုသည်။
ခွဲကဘောင်ကျောင်းအုပ် မန်းကျော်ခလိန်းစူးက “ခုလက်ရှိမှာတော့ ကျွန်တော်တို့ သတ်မှတ်တာထက် ပိုပြီးများတယ်။ ဦးရေများတဲ့အတွက် ကျွန်တော်တို့သတ်မှတ်ထားတာက ၂၅ ရက်ကနေ ၂၉ ရက်အထိပေါ့။ အဲ့ဒါကို ၂ ရက်ထပ်လျော့ထားရတယ် “ဟုဆိုသည်။
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသားအသစ်များကိုပါ ကျောင်းအပ်လက်ခံနေခြင်းဖြစ်ပြီး ယခင်နှစ်များထက် ကျောင်းသားဦးရေ သုံးပုံတစ်ပုံခန့် ပိုများလာသည်ဟု ၎င်းက ဆက်ပြောသည်။
ကျောင်းသားဦးရေတိုးလာတာကြောင့် ဆရာအရေ အတွက်လိုအပ်ချက်လည်း ရှိနေသည်ဟု ခွဲကဘောင်ကျောင်းရှိ အထက်တန်းပြဆရာ ၁ ဦးကဆိုသည်။
၎င်းက “ဒီနှစ်ကတော့ ကျောင်းသားသစ်တွေလက်ခံတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ခုလက်ရှိမှာတော့ အတန်းတစ်တန်းကို ၃၀ နှုန်းနဲ့ဖြတ်ထားတယ် ။ ဆရာပိုင်းမှာဆိုလည်း GED အတန်းအတွက် ဆရာထပ်ဖြည့်ဖို့အစီအစဉ်ရှိတယ်”ဟုဆိုသည်။
ကျောင်းသားဦးရေ ထပ်တိုးလက်ခံထားသည့်အတွက် နေရာထိုင်ခင်းအခက်ခဲအပြင် ကျောင်းရန်ပုံငွေလိုအပ် ချက်များလည်း ရှိနေသေးသည် ဟု ကျောင်းတာဝန်ခံများထံက သိရသည်။
ခွဲကဘောင်ကျောင်းအုပ် မန်းကျော်ခလိန်းစူးက “ နေရာ ထိုင်ခင်းက အဓိကပေါ့။ အဆောက်အအုံမလုံလောက်တာတွေ။ လက်ရှိမှာတော့ နိုင်ငံတကာအလှူရှင်ထက် ကိုယ်ထူကိုယ်ထလုပ်နေတာတွေ ပိုများတော့ ရန်ပုံငွေပိုင်းမှာတော့ လိုအပ်ချက်တွေရှိနေသေးတယ်”ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ စာသင်နှစ်တွင် ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမ ၂၆ ဦးဖြင့် စာသင်ကြားပေးနေပြီး ကျောင်းသားဦးရေ ၃၀၀ ကျော်ကို လက်ခံသင်ကြားပေးခဲ့သည်။
ခွဲကဘောင် ကရင်အမျိုးသား အထက်တန်းကျောင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမား၊ စစ်ဘေးဒုက္ခသည်များ၏ ကလေးငယ်များ ပညာရေးအတွက် တည်ထောင်ထားသည့် ကျောင်းတစ်ခုလည်းဖြစ်သည်။
ပုံစာ – မတ်လ ၂၇ရက်တွင် ခွဲကဘောင် ကရင်အမျိုးသား အထက်တန်းကျောင်းရှိ ကျောင်းအပ်လက်ခံနေသည့်မြင်ကွင်း။
ပုံ – သံလွင်ခက်
************
Telegram– > https://thanlwinkhet.net/?p=8718
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8718