လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ကူ
*************
ယမင်းဖူးပွင့်အောင်
မတ် ၂၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့က လားရှိုးမြို့နယ် ပန်ဟုန်းကျေးရွာအုပ်စု နမ့်မော်ငင်းကျေးရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ပန်ဟုန်းကျေးရွာအုပ်စုရှိ ပြည်သူများကိုလည်း မောင်းထုတ်ခဲ့သည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “MNDAA ကရောက်နေတာတော့ကြာပြီ။ သူ့စည်း ကိုယ့်စည်းနေနေရင်းနဲ့ အခုက စစ်ကောင်စီက ကျွံဝင်သွားပြီး တိုက်ပွဲဖြစ်ကြတာ။ စစ်ကောင်စီက ရွာသားတွေကိုလည်း ထွက်သွားခိုင်းတယ်” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာသည် လားရှိုးမြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး လားရှိုးမြို့ ခမရ ၅၀၇ နှင့် ခလရ ၄၁ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့နယ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က တအာင်းနယ်မြေ တပ်မဟာ – ၆ အဖြစ်သတ်မှတ်ထားသည်။
လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် – UWSA က ယခုလဆန်းပိုင်းကစတင်၍ လမ်းဖောက်နေသည်ဟု သိရသည်။
လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ အီနိုင်းတံတား တစ်ဘက်ကမ်းဆီ၌လည်း စစ်ကောင်စီနှင့် မြောက်ပိုင်းညီ နောင်မဟာမိတ် ၃ ဖွဲ့တို့ အထိုင်ချတပ်စွဲထားပြီး စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ခလရ ၄၁ တပ်စခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပန်ဟုန်းကျေး ရွာအုပ်စု၊ ဟွေလော့ကျေးရွာက အမျိူးသမီး ၁ ဦး သေ ဆုံးခဲ့ရသည်။
************
Telegram– > https://t.me/newstlk/4017
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8712