” ဘီလူးနင်းမယ့်လမ်း “ဒုတိယမြောက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
*******
သဇင်
မတ် ၂၆၊၂၀၂၄။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ဆင်ရေးအရှိန်အားကောင်းနေဆဲဖြစ်သည့် ရေးဘီလူးအဖွဲ့၏ “ဘီဘူးနင်းမယ့်လမ်း”စစ်ဆင်ရေးစတင်ပြီး ဒုတိယမြောက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့သည်ဟု ရေးဘီလူးခေါင်းဆောင်က သံလွင်ခက်ကို ပြော သည်။
မတ်လ ၂၅ ရက် မနက် ၆ နာရီခန့်တွင် ရေးမြို့နယ် စုံနံ့
သာရွာနှင့် နှင်းစုံကျေးရွာကြားရှိ စစ်ကောင်စီ ခံသင်းတံညတားစစ်ဆေးရေးဂိတ်စခန်းအား ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။
ရေးဘီလူးတပ်ဖွဲ့သည် စစ်ကောင်စီတပ်သားအင်အား ၂၀ ခန့်ရှိသည့် အဆိုပါဂိတ်စခန်းအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး စခန်းအတွင်းထောင်ထားသည့် တိုက်မိုင်းကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။
၎င်းက “ ကျွန်တော်တို့စခန်းကိုဝင်သိမ်းတဲ့အခါမှာ ရန်သူအင်အား ၂၀ လောက်တော့ရှိတယ်။ ကျွန်တော်တို့လည်း အင်အားသုံးပြီးဝင်တယ် ။ ဗျူဟာကျကျ အကုန်လုံးဝင်သွားတယ်။ စခန်းဧရိယာထဲကိုရောက်တော့ အဲ့မှာရန်သူထောင်ထားတဲ့ စခန်းဝန်းထဲကမိုင်းကို သွားထိမိတော့ ပေါက်သွားတဲ့ဒဏ်ကြောင့် ကျွန်တော်တို့စခန်းကိုတော့မရလိုက်ဘူး။ ရဲဘော်အလောင်းကိုတော့ တိုက်ပွဲထဲက ရအောင်ဆွဲထုတ်နိုင်ခဲ့တယ်” ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟုသိရသည်။
ရေးဘီလူးတပ်ဖွဲ့သည် “ဘီလူးနင်းမယ့်လမ်း” စစ်ဆင် ရေးစတင်မည်ဟု ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကထုတ် ပြန်ကြေညာခဲ့ပြီး မတ်လ ၁၄ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ရေးမြို့ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို စတင်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲအတွင်း ရေးဘီလူးတပ်ဖွဲ့၏ဆုံးရှုံးမှုအဖြစ် ကား ၁ စီးဆုံးရှုံးခဲ့ပြီး ရဲဘော် ၁ ဦး လက်မောင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ရေးဘီလူးတပ် တည်ထောင်ခြင်း ၂ နှစ်ပြည့်ခဲ့ပြီး ၂ နှစ်အတွင်း ရေးဘီလူးတပ်ဖွဲ့သည် မွန်ပြည်နယ်၌ တိုက်ပွဲပေါင်းများစွာ ဖော်ဆောင်နိုင်ခဲ့သည့်အပြင် တိုက်ပွဲမစ်ရှင်များအတွင်း ရဲဘော်များသေဆုံးထိခိုက်မှု နှင့် တိုက်ပွဲအတွင်းဖမ်းဆီးခံရမှုမရှိခဲ့ဟု သံလွင်ခက်ကို ပြောခဲ့သည်။
မတ်လ ၂၅ ရက်ကဖြစ်ပွားခဲ့သည့် ခံသင်းတံတားစစ်ာဆေးရေးဂိတ်စခန်းအားတိုက်ခိုက်မှုအတွင်း ရဲဘော်၂ ဦးကျဆုံးမှုသည် ရေးဘီလူးအဖွဲ့၏ ပထမဆုံး ရဲဘော်များ
ကျဆုံးမှုလည်းဖြစ်သည်။
ဓာတ်ပုံ – ရေးဘီလူး။
ပုံစာ – ရေးဘီလူးတပ်ဖွဲ့က ကျဆုံးစစ်သည် ၂ ဦးအား ဈာပနပြုလုပ်နေသည့်မြင်ကွင်း ။