နာရေးလုပ်နေစဉ် စစ်ကြောင်းထိုးလာသဖြင့် ပြည်သူများတိမ်းရှောင်ရ
*************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ရွာပေါင်း ၁၀ ကျော်မှ ပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့နံနက် ၁၀ နာရီခန့်တွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း ရွှေကူတဲစုကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရခြင်းဖြစ် သည်။
ရွှေကူတဲစုကျေးရွာအနီးသို့ စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာသည့်သတင်းရရှိချိန်တွင် မိခင်ကို မြေမြုပ် သင်္ဂြုဟ်နေဆဲဖြစ်သော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အမျိုးသားဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြော သည်။
၎င်းက “ညက ရွာကိုမီးတင်ရှို့နေတယ်။ မီးကတော်တော်များတယ်။ တစ်ရွာလုံးနီးပါးပဲ။ စိတ်ထဲတော်တော် မခံချိ မခံသာဖြစ်တယ်။ အမေ့နာရေး ကောင်းကောင်းကို မလုပ်လိုက်ရဘူး။ တက်သုတ်ရိုက်ပြီး ပြေးကြရတာ” ဟု ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့နယ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ခင်ဦးမြို့နယ်၊ ပျဉ်ထောင် ကျေးရွာ(ပျူရွာ) တွင် အထိုင်ချတပ်စွဲကာ အနီးဝန်းကျင်ရွာများသို့ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့နေခြင်းဖြစ် သည်။
စစ်ကြောင်းထိုးမှုကြောင့် ရွှေကူတဲစုကျေးရွာအပါအဝင် သရက်ပင်စု၊ ကားဆိပ်၊ ယာတော်၊ မြင်းဒေါင်း၊ မကျည်းအုပ်၊ ကျွန်းတောကြီး၊ ကင်းပြစ်၊ မြင်းကျ၊ သရက်ကုန်း၊ အင်တိုင်းကြီး၊ သာဂရနှင့် မြစ်တော်ကျေးရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့တွင် စစ်ကြောင်းဝင်ရောက်လာစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရှိရသော်လည်း သံလွင်ခက်က ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင်လည်း ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းက ဒေသခံအမျိုးသား ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး သာဝတ္ထိကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။
************
Telegram– > https://t.me/newstlk/3991
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8679