လေပြင်းတိုက်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က နေအိမ် ၂၀၀ ကျော်ပျက်စီး
**************
သဇင်
မတ်လ ၂၂၊ ၂၀၂၄။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က နေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်ဆီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မတ်လ ၂၂ ရက်၊ ည ၆ နာရီခန့်က စတင်တိုက်ခိုက်လာသော လေပြင်းတိုက်ခတ်မှုကြောင့် မင်းတပ် မြို့နယ်၊ တိုက်နယ်အမှတ် (၁၊၂၊၃) ရှိ ကျေးရွာများကနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်သည်။
လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများကြောင့် နေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများ လည်း ပျက်စီးခဲ့သည့်အပြင် သစ်ပင်များပြိုလဲမှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေသည်ဟု သိရသည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ တာဝန်ခံက “ကျွန်တော်တို့တောင်ပေါ်ရာသီဥတုက လေပြင်းတိုက်နေကျဆိုတော့ အစက ရိုးရိုးလေပြင်းတိုက်တယ်ပဲ ထင်တာပေါ့။ ၈ နာရီလောက်ကျတော့ အိမ်တွေ စပြီးပျက်စီးပြီးတော့မှ သစ်ပင်တွေကျိုးကျတာတွေရှိလာတာ။ တိုက်နယ် ၁၊ ၂၊ ၃ က နေအိမ်တွေ တော်တော် များများပျက်စီးသွားတယ် ” ဟု ဆိုသည်။
မင်းတပ်မြို့နယ် တိုက်နယ် ၁၊ ၂၊ ၃ ရှိ ကျေးရွာများအပြင် မြို့ပေါ်ရပ်ကွက်များတွင်လည်း ထိခိုက်ပျက်စီးမှုရှိနေပြီး လူထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိသော်လည်း သေဆုံးထိခိုက်မှုဖြစ်စဉ်များမရှိဟု ဒေသခံများထံက သိရသည်။
အဆိုပါတိုက်နယ်များအတွင်း စစ်ဘေးရှောင်များသည် တောင်ယာများ၌ ယာယီတဲများ ဆောက်လုပ်နေထိုင်နေ ကြပြီး လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ဆုံးရှုံးမှုများပြား၍ စစ်ဘေးရှောင်များ ထိခိုက်နစ်နာမှုပိုများသည် ဟု မင်းတပ်ဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “အဓိက စစ်ရှောင်တွေက ပိုဆိုးတာပေါ့။ တောင်ယာထဲမှာနေကြရတာကို ။ သူတို့က တာပေါ်လင်စ၊ မိုး ကာတွေ တချို့ကလည်းသွပ်ပေါ့။ အဲဒါမျိုးတွေနဲ့ ကိုယ်ပိုင်အိမ်ဆောက်ပြီးနေကြတော့ ခိုင်ခံ့မှုမရှိဘူးပေါ့။ သူတို့ အိမ်လေးတွေ တော်တော်များများပါသွားတယ်။ ထိခိုက်မှုများတာကတော့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေလို့ သိရပါတယ်” ဟုဆိုသည်။
ထိုကဲ့သို့ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများရှိနေသည့်အပြင် မတ်လ ၁၅ ရက်တွင်လည်း မင်းတပ် မြို့နယ်တိုက်နယ် ၃ အတွင်း စစ်ကောင်စီ၏လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် သားအမိ ၂ ဦးနေထိုင်သည့် နေ အိမ်သို့ ဗုံးကျရောက်ပေါက်ကွဲပြီး နေအိမ်နှင့် အလောင်းများပါ မီးလောင်သွားခဲ့သည်ဟု သိရသည်။
ယခု မတ်လအတွင်း မင်းတပ်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ် ၁၄ လုံး၊ ဘုန်းကြီးကျောင်းအဆောက်အအုံ ၁ လုံး ၊ စာသင်ကျောင်း ၃ ဆောင်အပြင် ကျေးရွာဆေးပေးခန်း ၁ ခု ပျက်စီးခဲ့သည့်အပြင် အရပ်သား ၂ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၆ ဦးခန့် ရှိခဲ့သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ မတ်လ၂၁ ရက်ကနေ ၂၃ ရက်အထိ ချင်း ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၃ ရက်တာအတွင်းမိုးရွာသွန်းနိုင်ကြောင်းသိရသည်။
ဓာတ်ပုံ – Mindat Township IDPs Camp Management Committee
ပုံစာ – မင်းတပ်မြို့တွင် မတ်လ ၂၂ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များ မြင် ကွင်း။
************
Telegram– > https://t.me/newstlk/3929
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8586