မြဝတီလမ်း ပိတ်မည်မဟုတ်
************
နန်းဆုပန်ခန့်
မတ် ၂၂၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့သို့သွားလာနိုင်သည့်တောလမ်းများအား မတ်လ ၂၅ ရက်ကစပြီး မြန်မာအတာသင်္ကြန် ပြီးသည်အထိ ပိတ်သွားမည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများထွက်ပေါ်နေသော်လည်း လမ်းပိတ် သွားမည်မဟုတ်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ – KNU/KNLA – PC အဖွဲ့ဝင်များထံက သိရသည်။
ထိုကဲ့သို့ သတင်းများထွက်ပေါ်နေသော်လည်း မြဝတီသို့သွားလာနေသည့် မြဝတီ ဒေါနတောင်ကျော်လမ်း ဖြစ်သော ထို့ကော်ကိုးလမ်းပိုင်းကို ပိတ်ရန်အစီအစဉ်မရှိဟု ကရင်ငြိမ်းချမ်းရေးကောင်စီ – KNU/KNLA – PC အဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက” မပိတ်ပါဘူးဗျ။ အတည်ပြုပါတယ်။ ဘာအကြောင်းအမျိုးမျိုးပဲရှိရှိ အကုန်လုံးအလွယ်တကူ သွားလာနိုင်အောင် လမ်းပိတ်ဖို့လုံးဝအစီအစဉ်မရှိတာကို လူတွေ သိစေချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ထို့ကော်ကိုးလမ်းတွင် ၁ ရက်လျှင်ကားအစီးရေ ၅၀၀ ခန့်သွားလာနေပြီး အဖွဲ့စုံထိုင်သည့် ဂိတ် ၁၂ ဂိတ်ခန့်ရှိသည်ဟု သွားလာနေသူများနှင့် အဖွဲ့အစည်းများထံက သိရသည်။
ထိုကဲ့သို့ သတင်းများထွက်ပေါ်နေသည့်အတွက် ခရီးသွားပြည်သူများ ဝေဝါးမှုမဖြစ်အောင် လမ်းကော်မတီက တဆင့် တရားဝင်စာထုတ်ပြန်ရန် တောင်းဆိုထားသည်ဟု KNU/KNLA – PC အဖွဲ့ဝင် ၁ ဦးကဆိုသည်။
၎င်းက ” ကုန်ဈေးနှုန်းတက်အောင် လူတချို့က ကောလာဟလပြောနေတာတွေပါ။ လမ်းကော်မတီကလည်း မပိတ်ပါဘူးဆိုတဲ့အကြောင်း စာထုတ်ပေးဖို့ တောင်းဆိုထားပါတယ်ဗျ ” ဟုဆိုသည်။
လမ်းပိတ်မည့်ကောလာဟလသတင်းများကြောင့် ယခင်ရက်များထက် ခရီးသည် သွားလာမှု ပိုမိုများပြားလာသည်ဟု ယာဉ်မောင်းများထံက သိရသည်။
၎င်းက ” များလာတာပေါ့။ များလာတာမှ ပိုးစိုးပက်စက်များလာတယ်” ဟု ဆိုသည်။
ထို့ကော်ကိုးလမ်းတွင် အဖွဲ့စုံဖြစ်သည့် KNU/ KNLA – PC ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA၊ ကရင် နယ်ခြားစောင့်တပ် – BGF ခွဲထွက် ကရင်အမျိုးသားတပ်မတော် – KNA နှင့် ကရင်အမျိုးသားအစည်းအရုံး – KNU စသည့် စုစုပေါင်း ဂိတ် ၁၂ ဂိတ်ခန့် ရှိသည်ဟု သိရသည်။
ကော့ကရိတ်မြို့တွင်းတိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၁ ရက်ကစတင်၍ မြဝတီမြို့သို့ သွားရောက်ရန် ယခင်အသုံးပြုသွားလာနေသော မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်က ယာဉ်သွားလာမှုများ ရပ်ဆိုင်း ခဲ့သည်။
အာရှလမ်းသစ်က ယာဉ်သွားလာမှုများရပ်ဆိုင်းခဲ့ပြီးနောက် ထို့ကော်ကိုးကားလမ်းအား ပြန်လည်အသုံးပြုခဲ့ပြီး ယာဉ်သွားလာမှုများပြားခဲ့သည့်အတွက် အတက် ၁ ရက် အဆင်း ၁ ရက် သတ်မှတ်ကာ ဖြတ်သန်းသွားလာ လျက်ရှိသည်။
ပုံစာ – ရန်ကုန် – မြဝတီ ထို့ကော်ကိုးကားလမ်းပိုင်း ညအိပ်ရပ်နားရာကြားစခန်း။