ဖယ်ခုံပြည်သူ့ဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
*******
ယမင်းဖူးပွင့်အောင်
မတ် ၂၂၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“ ဒီမနက်တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲ လာကြဲသွားတာ” ဟု ဖယ်ခုံဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဖယ်ခုံမြို့နယ်ရှိ လအိပြည်သူ့ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၄ ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ၁၀၀၇ တပ်ရင်းက ထုတ်ပြန် ထားသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံဝန်းကျင်ရှိ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကား ၁ စီးနှင့် ဆေးရုံ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ လအိပြည်သူ့ဆေးရုံသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD အစိုးရလက်ထက်က နိုင်ငံတော်အစီအမံဖြင့်တည်ဆောက်ခဲ့သော ဆေးရုံဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာရှိစာသင်ကျောင်း နှင့် လွိုင်နန်းဖ ကျေးရွာရှိ စာသင်ကျောင်းအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၄ ဦး သေ ဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဒုက္ခသည်စခန်းရှိ ဆေးခန်းများကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆေးခန်းသုံးကိရိယာများပျက်စီးဆုံးရှုံးခဲ့ ရသလို မွေးလူနာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်။
************
Telegram– > https://t.me/newstlk/3923
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8576