KIA ဌာနချုပ်ဟောင်းကို ပြန်လည်ရရှိ
******
ထွယ်
မတ် ၂၂၊ ၂၀၂၄။
စစ်ကောင်စီတပ်ကသိမ်းပိုက်ထားသည့် ကချင်လွတ် လပ်ရေးတပ်မတော် – KIA ၏ ဌာနချုပ်ဟောင်း နာဖော့ – Na Hpaw စခန်းကုန်းကို KIA ပူးပေါင်းတပ်များက ၄ ရက်ကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့နံနက်တွင် ပြန် လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
နာဖော့ – Na Hpaw တောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၃၂၁ တပ်ရင်းကို KIA နှင့် ပူးပေါင်းတပ်များက မတ်လ ၁၇ ရက်တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရဲဘော် တစ်ဦးက ပြောသည်။
နာဖော့တပ်စခန်းသည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် – KIA ၏ဌာနချုပ်ဟောင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်၊ မေလတွင် စစ်တပ်ထံလက်လွှတ်ခဲ့ရသည့် တပ်စခန်း တစ်ခုလည်းဖြစ်သည်။
ထို့နောက် စစ်ကောင်စီတပ်သည် နာဖော့တပ်စခန်းတွင် ထိုအချိန်ကတည်းက စတင်တပ်စွဲကာ နေထိုင်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် အဆိုပါ နာဖော့ – Na Hpaw တပ်စခန်းကနေ လိုင်ဇာမြို့နှင့်အနီးဝန်းကျင်သို့ အစဉ်အမြဲ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသည်။
နာဖော့ – Na Hpaw စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့်နေ့စဥ် တိုက်ခိုက်လျက်ရှိပြီး မေလ ၂၀ ရက် တစ်ရက်တည်းပင် လေ ကြောင်းဖြင့် ၅ ကြိမ်တိုက်ခိုက်ခဲ့သော်လည်း စခန်းအား လက်လွှတ်လိုက်ရပြီးနောက်တွင်လည်း စစ်ကောင်စီတပ်က နာဖော့ စခန်းနှင့် အနီးဝန်းကျင်ကို လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
ယခုအချိန်မှာတော့ နာဖော့ – Na Hpaw တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး ပြုလုပ်နေသည်ဟု သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၃ ရက်တွင်လည်း အဆိုပါ နာဖော့ တပ်စခန်းသို့ စစ်ရိက္ခာနှင့် စားနပ်ရိက္ခာလာပို့သည့် ရဟတ်ယာဉ် ၁ စင်းကို KIA က ပစ်ခတ်ပစ်ချနိုင်ခဲ့သည်။
KIA နှင့် ပူးပေါင်းတပ်များသည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၂ ပတ်ခန့် ရှိပြီဖြစ်ပြီး KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ဘွမ်ရယ်တောင် – Bumre Bum၊ ခယာဘွမ် – Hkaya Bum၊ ဖွန်းပရန်တောင် – Hpun pyen Bum နှင့် အင်းတပ်တောင် – N tap Bum အပါအဝင် မလိတပ်စခန်းကြီးနှင့် စစ်ကောင်စီ၏ ရှေတန်းကာကင်း စခန်းများ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၃၀ နှင့် အထက်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ – သိမ်းဆည်းရမိသည့် နာဖော့ – Na Hpaw တပ်စခန်း
************
Telegram– > https://t.me/newstlk/3919
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8572