“ လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှုထူးချွန်ဆု ” ကို ကရင်သရုပ်ဆောင် လားစေးဖောရရှိ
***************************
နန်းဆုပန်ခန့်
မတ် ၂၁၊ ၂၀၂၄။
၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်တွင် ကျင်းပသည့် Asia Top Awards ပွဲကြီး၌ Excellent in helping society “လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှု ထူးချွန်ဆု” ကို ကရင်သရုပ်ဆောင် လားစေးဖော ရရှိခဲ့သည်။
လားစေးဖောကို ထိုင်းနိုင်ငံ၊ မယ့်အိုဆိုတွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်ကနေ ၁၄ နှစ်အထိ ထိုင်းနိုင်ငံ၊ မယ်လဒုက္ခသည်စခန်း၌ နေထိုင်ကြီးပြင်းခဲ့သည်။
ဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့သူ ၁ ယောက်အနေဖြင့် စစ်ရှောင်များ၏ အခက်အခဲကို ကိုယ်ချင်းစာသည့်အတွက် အခက်အခဲရောက်နေသူများကို ကူညီခြင်းဖြစ်သည်ဟု လားစေးဖော က သံလွင်ခက်ကိုပြောသည်။
၎င်းက ” စစ်ရှောင်စခန်းမှာနေတုန်းက အဖွဲ့အစည်းတွေ မုန့်တွေလာဝေတယ်လေ။ အစ်မတို့က ဝမ်းသာလိုက်ရတာ။ အဲ့ဒါကိုကြည့်ပြီးတော့ ကြီးလာရင် ကိုယ်တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်ကူညီပေးမယ်ဆိုပြီးစဉ်းစားတယ်။ ဆင်းရဲတဲ့သူတွေ၊ မရှိတဲ့သူတွေကိုတွေ့ရင်တော့ ကူညီချင်တယ်။ ကိုယ်ချင်းစာတယ် “ ဟု ဆိုသည်။
ကရင်အနုပညာရှင်မင်းသမီး လားစေးဖောကို ထိုင်းနိုင်ငံရှိ မရှိဆင်းရဲသားများ၊ နယ်စပ်စစ်ဘေးရှောင်များ၊ သက်ကြီးရွယ်အိုများကို ကူညီပေးမှုကြောင့် Excellent in helping society “လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှု ထူးချွန်ဆု” ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုကိုရရှိခြင်းသည် ၎င်းတစ်ယောက်တည်းရရှိခြင်းမဟုတ်ဘဲ ကရင်လူမျိုးနှင့် အခြားကူညီထောက်ပံ့သူအားလုံးအတွက်ဖြစ်ပြီး အားလုံးအတွက် ဂုဏ်ယူကြောင်း လားစေးဖော က ဆက်လက်ပြောဆိုသည်။
၎င်းက “ အရမ်းဂုဏ်ယူတယ်ပေါ့နော်။ ကရင်တိုင်းရင်း သားတစ်ခုလုံး ဆုရတာပါ။ အစ်မတစ်ယောက်တည်း ဆုရတာမဟုတ်ပါဘူး။ အကူအညီပေးတာတွေက အစ်မတစ်ယောက်တည်း ပေးတာမဟုတ်ဘူး။ အစ်မဈေး ရောင်းရတဲ့ငွေတွေနဲ့ ပရိတ်သတ်တွေကပေးတဲ့အလှူငွေတွေနဲ့ပေါင်းပြီး အလှူသွားလုပ်တယ်၊ “ ဟု ဆိုသည်။
လားစေးဖောသည် ယခုလက်ရှိတွင် ၎င်း၏ အသက်မွေးဝမ်းကြောင်းအဖြစ် အနုပညာဇာတ်လမ်းတိုများရိုက်ကူးခြင်း၊ ကရင်ရိုးရာအထည်ရောင်းချခြင်းများ လုပ်ကိုင်လျက်ရှိသည်။
၂၀၂၄ ခုနှစ် Asia Top Awards ဆုပေးပွဲတွင် ကရင်မင်းသမီး လားစေးဖော က Excellent in helping society “လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှု ထူးချွန်ဆု”ရရှိခဲ့သည့်အပြင် မြန်မာနိုင်ငံက သရုပ်ဆောင် အလင်းရောင် Best Actor Awards ရရှိခဲ့ပြီး အဆိုတော် The Sai ကတော့ Culture Integration “ယဉ်ကျေးမှုပေါင်းစည်းရေးဆိုင်ရာဆု” ရရှိခဲ့သည်။
Asia Top Awards 2024 အခမ်းအနားတွင် မြန်မာနိုင်ငံက အနုပညာရှင်များသာမက ကိုးရီးယား၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စသည့် နိုင်ငံတကာ အနုပညာရှင်များအပြင် နယ်ပယ်အသီးသီးက အတတ်ပညာရှင်များကိုလည်း ဆုအသီးသီးပေးအပ်ခဲ့ကြသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – လူမှုအသိုင်းအဝန်းဆိုင်ရာကူညီပေးမှု ထူးချွန်ဆုရရှိသူ လားစေးဖော။