ကနီစစ်ရှောင်များ စားဝတ်နေရေးအခက်ကြုံနေ
******************************
သဇင်
မတ်လ ၂၁၊၂၀၂၄။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေသည့်အတွက် ဒေသခံများနေရပ်မပြန်နိုင်သေးဘဲ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။
ကနီမြို့ ရပ်ကွက်(၁၊၂၊၃)ရှိ တဇယ်ချောင်၊ မင်းကုန်း၊ ရှမ်းမြောင်း၊ ငါးဖျက်၊ ပန်းဆိုင်း၊ ညောင်ပင်ဝန်း၊ ကနဲ၊ ညောင်ဝန်း စသည့်ကျေးရွာများက စစ်ရှောင်ပြည်သူ ၂၁,၈၀၀ကျော်၊ အိမ်ထောင်စုပေါင်း ၄,၅၆၀ ကျော် စားဝတ်နေရေးအကြပ်အတည်းများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
မတ်လ၂ ရက်ကစပြီး ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ကနီမြို့အား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်အင်အားအများအပြားစစ်ကူပို့ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ ၁၂ ရက်တွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု အမှတ် – ၁စစ်ဒေသက ထုတ်ပြန်ထားသည်။
ယင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ကနီမြို့နယ်အတွင်းရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ကနီဒေသရှိ စစ်ဘေးရှောင်များသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂ ရက်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အချိန်ထိ စစ်ရေးငြိမ်သက်ခြင်းမရှိသေးသောကြောင့် ရေရှည်တွင် စားဝတ်နေရေးခက်ခဲလာနိုင်သည်ဟု ကနီစစ်ရှောင်အရေးကူညီသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ဆန်၊ ဆီ အခြေခံလိုအပ်တာတွေက စျေးကြီး၊ သယ်ရခက်၊ လှူတဲ့သူနည်းနေတော့ မလုံလောက်ဘူးဗျာ။ ပြေးလာတဲ့သူတွေက တအားများတော့ အဆင်မပြေဘူး ဖြစ်နေတာ။ လတ်တလောမှာ စစ်ကြောင်းကလည်းရှိ လေယာဥ်နဲ့ကလည်း ခဏတိုင်းလာပစ်နေတော့ ပြည်သူတွေ ခက်ခဲနေတယ်”ဟုဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာတောတောင်များထဲတွင် ယာယီတဲများဖြင့်နေထိုင် တိမ်းရှောင်နေရသည်ဟု သိရသည်။
ကနီစစ်ဘေးရှောင်များသည် စားဝတ်နေရေးခက်ခဲနေသည့်အပြင် ဆေးဝါးကုသရန်လည်း အခက်အခဲရှိနေသည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။
စစ်ရှောင်အရေးကူညီသူ ၁ ဦးက “ ဆေးဝါးကုသဖို့အတွက် ခက်ခဲတယ်။ ပြေးနေကြရတော့ ဘယ်သူမှ အချိန်တိုင်း အခမဲ့ ကုမပေးနိုင်ဘူး။ ဆေးက စျေးကြီးတယ်လေ”ဟု ဆိုသည်။
မတ်လ ၂၀ ရက် မနက် ၁၀နာရီတွင်လည်း ကနီနယ်၊ ရေလယ်ကျွန်းရှိ ပျူစခန်းကို Mi-17 ဖြင့် ၃ ကြိမ် လာရောက်ခဲ့ပြီး ညနေ ၅ နာရီခွဲခန့်တွင် A-5 ဂျက်ဖိုက်တာ ၁ စင်းဖြင့် ကနီ-ဘုတလင်နယ်စပ်ရှိ ကျေးရွာများကို ၅ ကြိမ်တိုင်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ- ကနီမြို့အတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်း။
Photo-Pyae Aung Naing
************
Telegram– > https://t.me/newstlk/3901
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8543