ဒရုန်းဗုံးသီး ၂၂၀ ကျော်ကြဲချ၍ အေကဲန်ယူတပ်မဟာ ၅ ကျေးရွာများကို စစ်ကောင်စီတိုက်ခိုက်
***************************
သံလွင်ခက်
မတ် ၂၁ ၊ ၂၀၂၄ ။
စစ်ကောင်စီတပ်က ၂ ရက်အတွင်းဒရုန်းဗုံးသီး ၂၂၂ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁၂၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းနေရသည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းစဥ်က ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည် ။
ယမန်နေ့ မတ်လ၂၀ ရက်၊ နံနက် ၀၅း၃၅နာရီမှ ၀၆း၀၀နာရီအချိန်ထိ စစ်ကောင်စီတပ်က
ကရင်ပြည်၊ မူတြော်ခရိုင်(ဖာပွန်ခရိုင်)၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဘော့ထာကျေးရွာအတွင်းအပြင်နှင့် လူသွားလမ်းပေါ်သို့
ဒရုန်း၃ကြိမ်ဝဲပျံကာ ဒရုန်းဗုံးသီး၂၇လုံးကြဲချခဲ့သည်။
တဖန် နံနက် ၀၆း၂၂နာရီအချိန်တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိ စောခလီးလိုကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး၈လုံးကြဲချခဲ့သည်။
အလားတူ ထို့နေ့နံနက် ၀၅း၃၀နာရီမှ ၀၆း၅၅နာရီအချိန်ထိ စစ်ကောင်စီတပ်က မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး၇၄လုံးကြဲချခဲ့သည်။
ယင်းတစ်ရက်တည်း ညနေ ၁၆း၂၀နာရီမှ ၁၇း၃၅နာရီအချိန်တွင်လည်း အဆိုပါကျေးရွာ၃ရွာအတွင်းသို့ ဒရုန်းဗုံးသီး၆၃လုံးထပ်မံကြဲချခဲ့သည်။ ထို့ပြင် ညနေ ၁၆း၂၃နာရီအချိန်တွင် စစ်ကောင်စီ၏ရဟတ်ယာဉ်နှစ်စီးသည် တာဘူကျိုးနေရာသို့လာရောက်ကာ ၎င်းတို့၏တပ်သားများအတွက် တစ်စီးမှစားနပ်ရိက္ခာကြဲချစဉ် ကျန်တစ်စီးမှာမူ ၀ဲပျံ၍အကာအကွယ်ယူပေးခဲ့သည်။
ကေအဲန်ယူတပ်မဟာ ၅ ကျေးရွာများအတွင်း ဒရုန်းဗုံးသီး အများအပြား ကြဲချတိုက်ခိုက်နေသော စစ်ကောင်စီတပ်သည် မတ်လ၁၉ရက် မွန်းလွဲ ၁၄း၀၀မှ ၁၅း၀၀အထိအချိန်တွင်း၌ မူတြော်ခရိုင်၊လူသောမြို့နယ်၊ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနှင့် နီးဒို့ထာကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီး၅၀လုံးကြဲချခဲ့သည်။
နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှဒရုန်းဗုံးသီးစုစုပေါင်း ၂၂၂လုံးကြဲချခဲ့သောကြောင့် ထူမောဒဲ၊ တာဒိုထာနှင့် နီးဒိုထာကျေးရွာများမှ အိမ်ထောင်စု ၁၀၂စုရှိ ပြည်သူလူထုပေါင်း ၁၂၅၁ ဦးတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေမှု ။