ကျိုက်ဒုံဗျူဟာကုန်းတိုက်ပွဲတွင် ဗျူဟာမှူးနှင့် အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦးလက်နက်ချ
****************
နန်းဆုပန်ခန့်
မတ် ၂၀၊ ၂၀၂၄။
ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံဗျူဟာကုန်းအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူး နှင့် အရာရှိကြီး ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် ထုတ်ပြန်သည်။
ကျိုက်ဒုံမြို့အခြေစိုက် စကခ ၁၃ လက်အောက်ခံ နဗဟ ၃ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော ကျိုက်ဒုံဗျူဟာစခန်းကုန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၃ ရက်၊ မနက် ၆ နာရီကစတင်ဝင်ရောက်တိုက်ခိုက်ရာ မတ်လ ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီးပေါင်း ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးလက်နက်ငယ်ပေါင်း ၁၄၀ ခန့်၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆံ၊ စစ်သုံးပစ္စည်းအများအပြားနှင့် အခြားပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲအတွင်း KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး ဒဏ်ရာရရှိပြီး ၂ ဦး ကျဆုံးခဲ့ကာ တိုက်ပွဲအတွင်းပူးပေါင်းပါဝင်ကူညီပေးသည့် ပြည်သူ ၁ ဦး မိုင်းထိမှန်ဒဏ်ရာရခဲ့သည်ဟု KNU ၏ ထုတ် ပြန်ချက်အရ သိရသည်။
ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ ၁၅ ကြိမ် လုပ်ဆောင်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် ဗျူဟာမှူးအပါအဝင် ၆၆ ဦးအား ကရင်အမျိုးသား အစည်းအရုံး – KNU က စစ်သုံ့ပန်းဥပဒေနှင့် အညီ စောင့်ရှောက်ထားသည်ဟု ထုတ်ပြန်ထားသည်။
ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်း စစ်ကောင်စီတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲအဖြစ်သော်လည်းကောင်း၊ မြို့တွင်းတိုက်ပွဲအဖြစ် သော်လည်းကောင်း ဖော်ဆောင်လျက်ရှိနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။
ပုံစာ – ကျိုက်ဒုံ ဗျူဟာစခန်းကုန်းက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် လက်နက်ချအညံ့ခံခဲ့သည့် ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းများ။
************
Telegram– > https://t.me/newstlk/3886
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8521