သင်္ကြန်ကာလ မြန်မာပြန်မည့်ရွှေ့ပြောင်းလုပ်သားများအား ထိုင်းကဗီဇာကြေးကင်းလွတ်ခွင့်ပြု
**********
သံလွင်ခက်
မတ် ၂၀၊ ၂၀၂၄။
ထိုင်းနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှရွှေ့ပြောင်းလုပ်သား များ သင်္ကြန်(ဆုမ်ခရမ်)ကာလ နေရပ်ပြန်မည်ဆိုပါက ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အထိ ဗီဇာကြေး ကင်း လွတ်ခွင့်ပေးလိုက်သည်ဟု The nation ဖော်ပြချက်အရသိရသည်။
ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်သော ဆုမ်ခရမ်ပွဲတော်ကို နှစ်စဥ် ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်အထိကျင်းပလေ့ ရှိသည်။ သို့သော် ယခုနှစ်တွင်မူ ထိုင်းရိုးရာဆုမ်ခရမ်ပွဲတော်ကို UNESCO စာရင်းဝင်အဖြစ်သတ်မှတ်လိုက်သော ကြောင့် ဧပြီလ ၁ ရက်ကနေ ၂၁ ရက်အထိကျင်းပသွားမည်ဖြစ်သည်။
ထိုင်းအစိုးရက ဗီဇာကြေးကင်းလွတ်ခွင့်ပြုလိုက်သည့်အစီအစဥ်တွင် ထိုင်းနိုင်ငံ၌ယာယီနေထိုင်ခွင့်အတွက် ဗီဇာ ရရှိထားကြသည့် ရွှေ့ပြောင်းလုပ်သား များ၊ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်အထိ နေထိုင်ခွင့်သက်တမ်းကျန်ရှိနေသေး သော ရွှေ့ပြောင်းလုပ်သားများ၏သားသမီးများနှင့် မိသားစုဝင်များလည်းအကြုံးဝင်ပြီး ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ သို့ပြန်လည်ဝင်ရောက်ရန် Re-entry permit လျှောက်ထားရန်မလိုအပ်ဟု သိရသည်။
သို့သော် သတ်မှတ်ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နောက်ပိုင်းတွင်မှ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက် လိုသော ရွှေ့ပြောင်းလုပ်သားများမှာမူ ပြန်လည်ဝင်ရောက်ခွင့်အတွက် ပုံမှန်အတိုင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်ရပ်စဲသွားမည်ဟု ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲ ရေးမူဝါဒကော်မတီက ထုတ်ပြန်ထားသည်။
Ref: The Nation
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – မြဝတီ – မဲဆောက်နယ်စပ်ဂိတ်။