ကြာအင်းဆိပ်ကြီးရှိ တပ်စခန်း ၂ ခုကို KNLA နှင့် SOF ပူးပေါင်းသိမ်းပိုက်
*******************************
သဇင်
မတ်လ ၂၀၊ ၂၀၂၄။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ မဲသရေထ စစ်ကောင်စီစခန်းကုန်းကို KNLA နှင့် တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က မတ်လ ၁၉ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု SOF က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၅ ရက်တွင် စကခ ၁၉ လက်အောက်ခံ ခမရ ၅၅၇/၅၅၈ တပ်သားများ အထိုင်ချတပ်စွဲထားသော မဲသရောထ စခန်းကုန်းအား ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ည ၁၀နာရီခွဲခန့်၌ တပ်ကြပ်ကြီး သက်နိုင်ဦး သည် MA 4 ပူးတွဲသေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ၅ ဒဿမ ၅၆ ကျည် ၂၀၀ တောင့်နှင့် လက်နက်ချအညံ့ခံလာခဲ့သည်။
ထို့နောက် မတ်လ ၁၈ ရက်တွင် KNLA နှင့် SOF တပ်ဖွဲ့က မဲသရောထစခန်းကုန်းအားထိုးစစ်ဆင်ပြီး ဝင်ရောက်ရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် စခန်းကုန်းအား မီးရှို့ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ထို့ပြင် မတ်လ ၁၉ ရက်တွင် စစ်ကောင်စီတပ်အခြေချတပ်စွဲထားသည့် ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းအား ထပ်မံ ပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် စခန်းကုန်းအား ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်သားအလောင်း ၅ လောင်း၊ လက်နက်ကြီးလက်နက်ငယ် ၆၁ လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည် ဟု ထုတ်ပြန်ချက်အရသိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်သား ၅၀ ဦးခန့်မှာလည်း ထိုင်းနိုင်ငံဘက်ခြမ်း ပိုင်ခလိုင်ရွာဘက်သို့ ထိခိုက်ဒဏ်ရာ များစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ပြီး KNLA နှင့် SOF ရဲဘော်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်အား နယ်မြေစိုးမိုးထားသည်ဟု SOF က အသိပေး ထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – SOF
ပုံစာ – မဲသရောထနှင့် ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းအားသိမ်းပိုက်စဥ် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။
************
Telegram– > https://t.me/newstlk/3882
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8514