စစ်ကောင်စီက ထိခိုက်လွယ်အုပ်စုများကိုပါ ရည်ရွယ် ချက်ရှိရှိတိုက်ခိုက်နေ
*********************
နန်းဆုပန်ခန့်
မတ် ၁၉၊ ၂၀၂၄။
မတ်လအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကိုအသုံးပြုမှုပိုမိုများပြားလာပြီး ထိခိုက်လွယ်အုပ်စု
များကိုပါ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေသောနေရာများ
တွင်ဘိုးဘွားရိပ်သာနှင့် စစ်ရှောင်ကျေးရွာများအထိပါဝင်လာနေသည်။
ယမန်နေ့ မတ်လ ၁၈ ရက် နံနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒေကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ၂၃ ဦးသေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရသော သာဒေကျေးရွာသည် မူဆလင်အများစုနေထိုင်ရာကျေးရွာဖြစ်ပြီး ရခိုင်ဒေသတိုက်ပွဲများကြောင့် ဆင်ကြီးပြင်ကျေးရွာဒေသခံများပါ စစ်ဘေးရှောင်နေရသောကျေးရွာလည်းဖြစ် သည်။
ပြီးခဲ့သည့် မတ်လ ၈ ရက် နံနက် ၁၁ နာရီကျော်တွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်နှင့် ကုန်သွယ်ရေးဇုန်ကြား ရွာသစ်ရွာတွင် တည်ရှိသည့် ဘိုးဘွားရိပ်သာအား စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အဘိုး ၂ ဦးသေဆုံးပြီး သက်ကြီးရွယ်အို ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအနက်က အဘွား ၁ ဦး
အပြင်းအထန် ဒဏ်ရာရှိခဲ့သည်ဟု ရိပ်သာတာဝန်ခံ ဦးဇင်း ၁ ပါးကဆိုသည်။
ရွာသစ်ရွာရှိ သဘာဝတရားဘိုးဘွားရိပ်သာတွင် သက် ကြီးရွယ်အိုများအပြင် နေစရာမရှိသူများလည်းသွား ရောက်နေထိုင်လျက်ရှိပြီး စုစုပေါင်းလူဦးရေ ၂၀၀ ကျော်ရှိသည့်အနက် သက်ကြီးရွယ်အိုလူဦးရေ ၁၀၀ ခန့်ရှိသည်ဟု ယင်းရိပ်သာတွင်နေထိုင်သူများထံက သိရသည်။
မြန်မာနိုင်ငံတွင် စစ်သည်တော်ကျင့်ဝတ် ၆၀ ရှိသည့်အနက် ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ် ၁၀ ပါးရှိသည်။
အဆိုပါ စစ်သည်တော်ကျင့်ဝတ် ၁၀ ပါးအနက် ကျင့်ဝတ် အချက် ၅ တွင် ပြည်သူလူထုအား လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း၊ ဆဲရေး တိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုရှောင်ကြဥ်ခြင်းဟူ၍ဖြစ်ပြီး ကျင့် ဝတ်အချက် ၆ တွင် ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကြဥ်ခြင်းဟူ၍ ပါဝင်သည်။
************
Telegram– > https://t.me/newstlk/3872
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8494