ပေါက်တောမြို့နယ်တွင် လက်နက်ကြီးကြောင့် အဘိုးအို ၁ ဦးနှင့် ကလေးငယ် ၁ ဦးသေဆုံး
**********************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၉၊ ၂၀၂၄။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် စစ်ကောင်စီ
လက်နက်ကြီးကြောင့် အဘိုးအို ၁ ဦးနှင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နေပြည်သူများထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက် နေ့လယ် ၁ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာကို စစ်တွေမြို့ စစ်ကောင်စီရေတပ် (နေဗီတပ်)မှ လက်နက်ကြီးဖြင့် အတွဲလုံးဗုံး ၄ လုံးဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အဘိုးအို ၁ ဦးအပါအဝင် အသက် ၅ နှစ်အရွယ်ယောကျာ်းလေး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် ၁ ဦးနှင့် အခြားဒေသခံ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပေါက်တောမြို့နယ် အမျိုးသမီးဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“မွေးခါနီးကိုယ်ဝန်ဆောင် ၁ ဦးကို လက်နက်ကြီးထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်” ဟုဆိုသည်။
သေဆုံးသူများကို နေ့တွင်းချင်းသင်္ဂြုဟ်ခဲ့ပြီး ဒဏ်ရာရရှိသူများကတော့ ဆေးကုသမှုခံယူလျက်ရှိကာ ရွာလုံး ကျွတ်တိမ်းရှောင်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။
“အဲ့နေ့က ရွာမှာ တခြားအသုဘသင်္ဂြုဟ်နေတဲ့အချိန် လက်နက်ကြီးကျလာတာ။ နီးစပ်ရာရွာနဲ့ ဆွေမျိုးနီးစပ်တွေဆီကို ရှောင်ကြတယ်။ အနီးအနားကျေးရွာနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတယ်။ စားဝတ်နေရေးကတော့ရွာခံတွေတောင်ခက်ခဲပါတယ်။ ကုန်ဈေးနှုန်းက တအားမြင့်တယ်” ဟုပြောသည်။
လက်နက်ကြီးပစ်ခတ်ခံရသည့် လက်ပံပြားကျေးရွာတွင် အိမ်ခြေ ၈၀၀ ခန့်နှင့် လူဦးရေ ၅,၀၀၀ ဝန်းကျင်ရှိသည်ဟု ဒေသခံများထံကသိရသည်။
ယမန်နေ့ကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒေကျေးရွာတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦးသေဆုံးပြီး ၃၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
************
Telegram– > https://t.me/newstlk/3868
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8490