မကွေးအခြေစိုက် ABSDF ၏ စစ်သင်တန်းအပတ်စဉ် ၄ ပြီးဆုံး
**************************
သဇင်
မတ် ၁၉၊၂၀၂၄။
မကွေးတိုင်းအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF၊ အမှတ် ၃ စစ် ကြောင်း၊ အမှတ် ၁၂ တပ်ရင်းတွင် အခြေခံစစ်ပညာသင်တန်း ၁/၂၄ အပတ်စဉ် ၄ စစ်သင်တန်းဆင်းပွဲ ယမန်နေ့ မတ်လ ၁၈ ရက်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
အပတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းတွင် သင်တန်းသား ၃၀ ဦးကို သင်ကြားပို့ချပေးခဲ့ပြီး အမျိုးသမီး သင်တန်းသူအချို့လည်းပါဝင်ခဲ့သည် ဟု ABSDF စစ်ကြောင်း ၃ ၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး က သံလွင်ခက် ကို ပြောသည်။
၎င်းက “ကျွန်တော်တို့ အပတ်စဉ် ၁ ခုမှာဆိုရင် ၃၀ ကနေ ၄၀ကြားလောက်ပဲ သင်တန်းသားတွေကို လက်ခံသင်ကြားပေးတယ်။ အဓိကကတော့ လုံခြုံရေးအခြေနေအရ ပြောင်းရရွှေ့ရလွယ်ကူလောက်မယ့် အနေအထားမျိုးလောက်ပေါ့။ ခုအပတ်စဉ် ၄ မှာဆိုရင် သင်တန်းသား ၃၀ကို သင်ကြားပေးတယ်။ အမျိုးသမီး သင်တန်းသား ၆ ဦးပါတယ်” ဟုဆိုသည်။
အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းကာလ ၃ လခန့်ကြာမြင့်သည်ဟု သိရသည်။
ယင်းအပြင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်တွင် အဆိုပါတပ်ရင်းထံ ဆက်သွယ်ဝင်ရောက်လိုသူများလာသည့်အတွက် သင်တန်းသားအသစ်များကို သေချာစိစစ်ရွေးချယ်သွားမည်ဟု ရဲဘော်မင်းဌေးကဆိုသည်။
၎င်းက ” စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် ဝင်ရောက်လာသူများပြားတယ် ။ တချို့ကျတော့ CDM တွေရှိတယ်၊ တချို့က တော်လှန်ဖို့အတွက် စစ်ပညာသင်ကြားလိုသူတွေရှိတယ်။ တချို့ကလည်း ဒီဥပဒေကိုရှောင်ချင်လို့ ဝင်လာချင်တဲ့အနေအထားမျိုးဆိုတော့ ဒါကို သေချာစိစစ်ပြီးမှ လက်ခံသွားဖို့တော့ရှိပါတယ်” ဟု ဆိုသည်။
ABSDF အမှတ် ၃ စစ်ကြောင်းလက်အောက်တွင် မကွေးတိုင်းအခြေစိုက် အမှတ် ၁၂ တပ်ရင်းနှင့် စစ်ကိုင်းတိုင်းအခြေစိုက် အမှတ် ၁၄ တပ်ရင်း ၂ ရင်းရှိပြီး အဆိုပါတပ်ရင်း ၂ ရင်းက သင်ကြားပို့ချပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၇ ခုအထိရှိပြီး သင်တန်းသားရာချီ မွေးထုတ်ပေးနိုင်ပြီဖြစ်သည်ဟု သိရသည်။
ပုံစာ – ABSDF အမှတ် ၃စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်း၊ အပတ်စဉ်၄ သင်တန်းဆင်းပွဲကျင်းပနေသည့်မြင်ကွင်း။
************
Telegram– > https://t.me/newstlk/3863
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8484