မင်းပြားလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်ပြည်သူများအား မြေမြှုပ်သင်္ဂြုဟ်
****************************
ယမင်းဖူးပွင့်အောင်
မတ် ၁၉၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သာဒေကျေးရွာတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ရသည့် ပြည်သူ ၂၃ ဦး၏ ရုပ်အလောင်းများအား ယမန်နေ့ညတွင် မြေမြှုပ်သင်္ဂြုဟ်လိုက်ပြီဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
သာဒေကျေးရွာဒေသခံဖြစ်သူ ကိုကံထွန်းက “ သူတို့ကို သင်္ဂြိုဟ်တာက ညဘက်ပိုင်းမှာ မြေတွင်းတူးပြီး မြေဖုံးသင်္ဂြုဟ်ကြတယ်။ ဒီနယ်မြေဒေသတွေမှာ တောရွာတွေမှာ မီးသင်္ဂြုဟ်တဲ့စက်မရှိတဲ့အတွက်မြေမြှုပ်ပြီး သင်္ဂြုဟ်ကြတာများတယ်။ တတ်နိုင်တဲ့သူတွေကျတော့လည်း ထင်းနဲ့ မီးသင်္ဂြုဟ်ကြတယ်” ဟု သံလွင်ခက် ကို ပြောသည်။
မတ်လ ၁၈ ရက် ယမန်နေ့နံနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ်ရှိ သာဒေကျေးရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၂၃ ဦးသေဆုံးခဲ့ရသည်။
အဆိုပါ သာဒေကျေးရွာသည် မူဆလင်အများစုနေထိုင်ရာကျေးရွာဖြစ်ပြီး လက်ရှိရခိုင်ဒေသတိုက်ပွဲများကြောင့် ဆင်ကြီးပြင်ကျေးရွာမှဒေသခံများပါ လာရောက်စစ်ရှောင်နေသော ကျေးရွာလည်းဖြစ်သည်။
သေဆုံးသူ ၂၃ ဦးအပြင် ဒေသခံ ၃၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများသည် လက်ရှိအချိန်တွင် မင်းပြားမြို့တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသည်ဟု ကိုကံထွန်းက ဆက်ပြောသည်။
စစ်ကောင်စီသည် မင်းပြားမြို့နယ်ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်ဟုလည်း ကိုကံထွန်းက ဆိုသည်။
၎င်းက “ရခိုင်တစ်ပြည်လုံးမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကတော့ နေ့လား ညလား။ ဘယ်နေရာကိုထိမှန်မလဲဆိုတာတော့ ပြည်သူလူထုတစ်ရပ်လုံးက ခန့်မှန်းနေကြရတာပေါ့လေ”ဟုပြောသည်။
သာဒေကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁,၅၀၀ ကျော်နေထိုင်လျက်ရှိကာ စားသောက်နေထိုင်ရေးနှင့် ဆေးဝါးကုသရေးအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့က သေဆုံးသူ ၂၃ ဦးထဲတွင် အသက် ၆၀ နှစ်အရွယ် ဘာသာရေးဆရာ ဦးဟာဆာနလီ၊ ဇနီးသည်နှင့် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် – AA တို့ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ လကျော် ကြာ မြင့်လာပြီဖြစ်ပြီး ရက္ခိုင့်တပ်တော်က မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက် ဦးနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစ၍ ယနေ့အချိန်အထိ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ နေ့စဥ်နီးပါးထိခိုက်သေဆုံးနေကြ ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်ကလည်း စစ်ကောင်စီရေတပ်မှ စစ်တွေမြို့ မြို့မဈေး ကိုးရီးယားဆိပ်ကမ်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂ ဦးသေဆုံးပြီး ၈၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – APM
ပုံစာ – မင်းပြားမြို့၊ သာဒေကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်နေအိမ်များမြင်ကွင်း။
************
Telegram– > https://t.me/newstlk/3862
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8481