“ဗျူဟာတို့ ၃၅၇ တို့က သိမ်းတော့သိမ်းခါနီးပြီ ”
မြဝတီ သင်္ဃန်းညီနောင်အနီးတဝိုက်ကို ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်မှုများ စစ်ကောင်စီဆက်တိုက်လုပ်
****************************************
သံလွင်ခက်
မတ် ၁၉ ၊ ၂၀၂၄ ။
ကရင်ပြည်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်အနီးတဝိုက်ကို စစ်ကောင်စီက ဗုံးကြဲမှု ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့ညပိုင်းတွင်လည်း
တညလုံး ပြုလုပ်နေခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သင်္ဃန်းညီနောင်တွင် လူမှုကူညီရေးလုပ်ဆောင်နေသူ အမျိုးသားတစ်ဦးက “ဒရော့ဗုံးတွေချတာ၊ လေယာဥ်နဲ့မဟုတ်ဘူး ။ Y-12 လား အဲကောင်နဲ့ချတာ ။ တစ်ညလုံး။ ပတ်ချာလည်ပဲ။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ် “ဟု ပြောသည် ။
စစ်ကောင်စီဘက်မှ ဗုံးကြဲမှုနှင့်လက်နက်ကြီးပစ်ခတ်မှုများသည် ယနေ့ နံနက်အစောပိုင်းထိ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး နံနက် ၇ နာရီကျော်အချိန်မှ အနည်းငယ်ပြန်ငြိမ်သွားသည်ဟု ၎င်းကပြောသည်။
သင်္ဃန်းညီနောင်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၁၂ လက်အောက်ခံ တပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းများက ယခုမတ်လ ၇ ရက်မှစ၍ ထိုးစစ်ဆင်နေသည်။
လက်ရှိတွင် ခမရ – ၃၅၅ နှင့် ၃၅၆ တို့ကို KNLA နှင့်PDF ပူးပေါင်းတပ်များ သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရရှိထားသည် ။
” ၃၅၅ ၊ ၃၅၆ ၊ ၃၅၇ နဲ့ ဗျူဟာတွေက ဖိုဖနှောင့်ဆိုင်ပေါ့ ။ တစ်ဝက်ကျော်ကျော်လောက်သိမ်းထားတယ်။ ကျန်တဲ့ဟာကိုက ပြန်ဆုတ်၊ ပြန်ထိုးအဲလို့ပေါ့ ။ ဗျူဟာတို့ ၃၅၇ တို့ကတော့ သိမ်းတော့ သိမ်းခါနီးပြီပေါ့ ။ နယ်မြေစိုးမိုးမှုကောင်းနေပြီဆိုတော့ ” ဟု KNLA နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည် ။
သင်္ဃန်းညီနောင်ရှိ လက်ကျန်တပ်ရင်းများကို KNLA နှင့်PDF ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် မြဝတီ ခလရ ၂၇၅ တပ်မှလည်း လက်နက်ကြီးများဖြင့် အဓိက ပစ်ကူပေးခုခံနေသည် ။
ပုံစာ- စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူ အောင်ပွဲခံနေသော
KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ။