MMA ကမ္ဘာ့ချန်ပီယံဖြစ်အောင်လုပ်မည်ဟု ဘရော်နီကာ ပြော
*************************
သံလွင်ခက်
မတ် ၁၉ ၊ ၂၀၂၄ ။
ပထမဆုံး မြန်မာ့အမျိုးသမီး MMA ကမ္ဘာ့ချန်ပီယံအဖြစ်မှတ်တမ်းတင်နိုင်ရန် ရည်မှန်းထားပြီး ကြိုးစားနေသည်ဟု ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ပြောသည်။
ဘရော်နီကာသည် လက်ရှိတွင် မွေထိုင်းပြိုင်ပွဲများတွင်ယှဥ်ပြိုင်ထိုးသတ်နေပြီး ထိုင်းဘုရင့်ဖလားချန်ပီယံဆုကို ၂ နှစ်ဆက်တိုက်ရယူထားနိုင်ခဲ့ပြီး ထိုင်းဖိုက် – Thai Fight နှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက ကိုယ်ခံပညာသိုင်း ပေါင်းစုံပြိုင်ပွဲ MMA တွင်ထိုးသတ်မည်ဖြစ်သည်။
ဘရော်နီကာသည် ထိုင်းဖိုက်နှင့် ၃ နှစ်စာချုပ်ချုပ်ဆိုထားပြီး ယခု ၂၀၂၄ နှစ်ကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ၁ ဦးဖြစ်သည့် ဘရော်နီကာသည် မွေထိုင်းဘက်ကူးပြောင်းလာပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ ပထမဆုံးမွေထိုင်းပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့သည်။
ထိုပွဲတွင် ဘရော်နီကာသည် အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ၁၇ ပွဲဆက် ရှုံးပွဲမရှိထိုးသတ်နိုင်ခဲ့ပြီး မွေထိုင်းလက်ဝှေ့ လောကတွင် နံပါတ် ၁ ဖြစ်လာခဲ့သည်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သော ဘရော်နီကာသည် အမျိုးသားများကဲ့သို့ အသက် ၃၀ ကျော်အထိ လက်ဝှေ့ ထိုးရန် အခက်အခဲရှိနေသဖြင့် လက်ရှိအရွယ်ရှိတုန်း MMA ဘက်ကူးပြောင်းပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ရယူရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်စရောက်ချိန်တွင် MMA ထိုးသတ်ရန်လေ့ကျင့်နေခဲ့သော ဘရော်နီကာသည် အခြေအနေအမျိုးမျိုး ကြောင့် မွေထိုင်းနှင့်စာချုပ်ချုပ်ကာ မွေထိုင်းသာထိုးနေရသော်လည်း MMA အတွက်လေ့ကျင့်မှုများလည်း ပြုလုပ် နေသည်။
ထို့ကြောင့် ၎င်းသည် MMA ဘက်ကူးပြောင်းပြီး ၂ နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်အောင်ကြိုးစားသွားမည်ဟု ပြောသည် ။
MMA လောကတွင် မြန်မာနွယ်ဖွားဖြစ်သော ကချင်တိုင်းရင်းသား အောင်လအန်ဆန် သည်ဝိတ်တန်း ၂ ခု၏ ကမ္ဘာ့ချန်ပီယံခါးပတ်များကိုရယူနိုင်သည်အထိ အောင်မြင်ရရှိထားသည်။
သို့သော်လည်း မြန်မာအမျိုးသမီးလက်ဝှေ့မယ်များတွင် MMA ယှဥ်ပြိုင်ထိုးသတ်သူ အလွန်နည်းပါးနေပြီး အောင်မှု မှတ်တမ်းများလည်း မရယူနိုင်ကြသေးပေ။
************
Telegram– > https://t.me/newstlk/3857
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8470