၂ ပတ်အတွင်း သင်္ဃန်းညီနောင်ဝန်းကျင်က စခန်း ၃ ခု
ကာကွယ်ရေးတပ်များ သိမ်းပိုက်နိုင်
*****************
နန်းဆုပန်ခန့်
မတ် ၁၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊ သင်္ဃန်းညီနောင်ဒေသနှင့် အနီးဝန်းကျင်ရှိ စစ်စခန်း ၃ ခုကို ၂ ပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း ရန်ပုံငွေရှာဖွေခြင်းအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၇ ရက်တွင် သင်္ဃန်းညီနောင်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၁၂ လက်အောက်ခံ ခမရ – ၃၅၅ ကို လက်နက်ခဲယမ်းအများအပြားနှင့်အတူ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် မတ်လ ၁၁ ရက်တွင် မြဝတီတောင်ပိုင်း ဖလူး မဆုတ်တမ်းခံစစ်စခန်းကို လက်နက်ခဲယမ်းနှင့်တကွ စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးသိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများဖမ်းမိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သောင်ရင်း
မြစ်အားဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်သို့အယောက် ၂၀ ကျော် ထွက်ပြေးသွားခဲ့သည်ဟု မြေပြင်ရဲဘော်များနှင့် ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ခမရ – ၃၅၆ ကိုလည်း ယခုမတ်လ ၁၅ ရက်တွင် လက်နက်ခဲယမ်းအများအပြားဖြင့်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း ရန်ပုံငွေရှာဖွေခြင်းအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၎င်းတို့စခန်းမကျစေရေးအတွက် ခလရ – ၂၇၅ မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် တိုက်လေယာဉ်နှင့် ထောက်ပို့လေယာဉ်ဖြစ်သည့် Y – 12 များဖြင့် အပြင်းအထန်ခုခံပစ်ကူပေးခဲ့သည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။
ထိုသို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်ကလည်း ၆ ဦး ကျဆုံးခဲ့သည်ဟုကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း ရန်ပုံငွေရှာဖွေခြင်းအဖွဲ့။
ပုံစာ – စစ်စခန်း ၃ ခုက သိမ်းပိုက်နိုင်သည့် လက်နက်ခဲယမ်းများ။
************
Telegram– > https://t.me/newstlk/3852
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8459