စစ်မှုထမ်းရန်မဲပေါက်ခဲ့သည့် လူငယ် ၁ ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်
******************
သဇင်
မတ်လ ၁၈၊၂၀၂၄။
ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်ရှိ ကျေးရွာ ၁ ရွာတွင် စစ်မှုထမ်းရန်အတွက်မဲပေါက်သည့် အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦး အဆိပ်သောက်အဆုံးစီရင်မှုဖြစ်ပွားခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် ဖျာပုံမြို့နယ်ရှိကျေးရွာတချို့၌ စစ်မှုထမ်းရန်အတွက် မဲဖောက်ခဲ့ရာ လူငယ် ၉ ဦး ခန့်မဲပေါက်ခဲ့ပြီး ယင်းထဲတွင် အသက်မပြည့်သေးသည့် ၁၇ နှစ်အရွယ်လူငယ် ၁ ဦးလည်း ပါဝင်ခဲ့သည်။
သေဆုံးသူသည် မဲမဖောက်ခင်နေ့ကတည်းက စစ်မှုထမ်းရန်မဲပေါက်ခဲ့မည်ဆိုပါက သူ့ကိုယ်သူအဆုံးစီရင်မည်ဟု ပြောဆိုခဲ့ပြီး မဲပေါက်သည့်ညတွင်းချင်းပင် အဆိပ်သောက်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ အဲ့ကလေးလေးက သူ မဲမပေါက်ခင်တည်းကပြောထားတယ်။ မဲပေါက်ရင် သူ့ကိုယ်သူ ကြိုးဆွဲ ချသေမယ်တဲ့။ သူ အဲ့လိုပြောပြီးကတည်းက သူ့မိသားစုတွေက သူ့ကို သေချာစောင့်ကြည့်တယ်။ ကြိုးတွေ ဘာတွေ အနားမှာမထားဘူး။ သူ့ကိုတစ်ချိန်လုံးကြည့်နေကြတာ။ ကြည့်နေရင်းကနေ မိုးချုပ်တဲ့အချိန်မှာ အင်ဒရင်းသောက်လိုက်တာ” ဟု ဆိုသည်။
ညတွင်းချင်းမှာပင် ၎င်းအား ဟင်္သာတဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ယမန်နေ့ မတ်လ ၁၈ ရက် ညပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါလူငယ်သည် နဝမတန်းကျောင်းသား ၁ ဦးဖြစ်ပြီး မိသားစုထဲတွင် အငယ်ဆုံးသားဖြစ်သည်ဟု မိသားစုများ နှင့် နီးစပ်သူများကပြောသည်။
သေဆုံးသူ၏ နာမည်နှင့်ကျေးရွာအမည်ကို မိသားစုဝင်များနှင့် နီးစပ်သူများထံ သံလွင်ခက်က ဆက်သွယ် မေးမြန်းခဲ့သော်လည်း လုံခြုံရေးကြောင့် ထုတ်ဖော်ဖြေကြားခဲ့ခြင်းမရှိပေ။
စစ်ကောင်စီပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် သာမန်အရပ်သားဆိုပါက အသက် ၁၈ မှ ၃၅ နှစ် အထိ သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း လက်ရှိမြေပြင်မှာတော့ အသက်မပြည့်သေးသည့် လူငယ်များကိုပါ စစ်မှုထမ်းရန် စစ်ကောင်စီကလုပ်ဆောင်နေခြင်းဖြစ်သည်။
ဒေသခံ ၁ ဦးက” အခုက ကလေးက ၁၇ နှစ် ပြည့်တောင်မပြည့်သေးပေမယ့် အရပ်အမောင်းကိုကြည့်ပြီးတော့ အရပ် ၅ ပေကျော်ရင် ကျေးရွာအုပ်ချုပ်သူတွေက မဲနှိုက်ခိုင်းတယ်“ ဟုဆိုသည်။
သေဆုံးခဲ့သည့် အသက် ၁၇ နှစ်အရွယ် လူငယ်၏ ရုပ်အလောင်းအား ကျေးရွာသို့ ပြန်လည်သယ်ယူရန် မိသားစုဝင်များကတောင်းဆိုခဲ့သော်လည်း ရပ်ရွာတာဝန်ရှိသူများက သယ်ယူခွင့်မပေးဘဲ ချက်ချင်းသင်္ဂြိုဟ်ခိုင်း ခဲ့သည်ဟုမိသားစုဝင်များနှင့် နီးစပ်သူကဆိုသည်။
၎င်းက “ဆေးရုံမှာ ဆုံးသွားတဲ့ခါကျတော့ ရွာကိုပြန်သယ်တာ ရွာကအဝင်မခံဘူး။ သူတို့ရွာတွေက အယူသီးတယ်။ ရွာကပဲအယူသီးတာလား၊ ရက်ကွက်လူကြီးကိုပဲ ကြောက်တာလားမသိဘူး။ မနက်ကပဲ ချက်ချင်းသင်္ဂြိုဟ် လိုက်တယ်။ လူကြီးတွေက သင်္ဂြိုဟ်ခိုင်းတာ “ဟု ဆိုသည်။
ထို့ပြင် ကျေးရွာတာဝန်ရှိသူများက သေဆုံးခဲ့သည့်လူငယ်အား ဓာတ်ပုံမှတ်တမ်းသိမ်းထားခြင်းမပြုလုပ်ရန်နှင့် သတင်းမီဒီယာတွင်ဖော်ပြခြင်းမပြုရန် ပြောဆိုခဲ့သေးသည်။
ပြီးခဲ့သည့် ပုသိမ်ခရိုင် ၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်မှုထမ်းရန် မဲပေါက်ခဲ့သူ လူငယ် အမျိုးသား ၁ ဦး မတ်လ ၁၇ မနက်ပိုင်းက အဆိပ်သောက်ခဲ့သဖြင့် လက်ရှိတွင် ကန်ကြီးထောင့်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည့် မြင်ကွင်း။