စစ်ရှောင်နေသော ကာမိုင်းမြို့ ဒေသခံအိမ်များ ဖောက်ထွင်းခံရ
********************
ထွယ်
မတ် ၁၈၊ ၂၀၂၄။
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ဒေသခံပြည်သူများ တိုက်ပွဲတိမ်းရှောင်နေစဉ် နေအိမ်တွင်းသူခိုးဝင်ရောက်ကာ စပါးများနှင့် ကြက်များအပါအဝင် စိုက်ပျိုးမျိုးစေ့များ ခိုးယူခံနေရသည်ဟု ဒေသခံများထံက သိရသည်။
ကာမိုင်းမြို့ ဒေသခံအမျိုးသား ၁ ဦးက “ အခုက အိမ်စောင့်တဲ့သူတွေပဲရှိတော့တာ။ တချို့ဆို အိမ်ကို ဘယ်သူမှတောင် မစောင့်ကြဘူး။ ဒါကြောင့် သူခိုးဝင်ခိုးတာတွေ အရမ်းဖြစ်နေတာ ” ဟု သံလွင်ခက်ကို ပြောသည်။
ခိုးယူထားသည့်ပစ္စည်းများဖြစ်ကြသည့် ၁၆ ပြည်ဝင်ဆံ့သည့် စပါး ၁ တင်းအိတ်လျှင် ၅,၀၀၀ ကျပ်၊ အိမ်ကြက် ၁ ကောင်လျင် ၅,၀၀၀ ကျပ်၊ မုန်ညှင်းမျိုးစေ့ ၁ တင်းလျှင် ၇,၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုသီတင်းပတ်အတွင်း ကာမိုင်းမြို့ကို စစ်အင်အားဖြည့်တင်းကာ မြို့ပတ်လည်၌ နေရာယူထားသည်ဟုလည်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လဝါး – ဖားကန့်လမ်းအပြင် ကာမိုင်းမှ လွယ်ဆန်သို့တက်မည့်လမ်းများနှင့် ကာမိုင်းမှ မိုးကောင်းသို့ဆင်းမည့်လမ်းဆုံများတွင်လည်း တပ်စွဲလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ယခုအချိန်၌ ကာမိုင်းမြို့အတွင်းတွင် ဒေသခံ လူဦးရေ ၄ ပုံ ၁ ပုံခန့်သာကျန်ရှိပြီး ဒေသခံပြည်သူအများစုသည် တနိုင်းမြို့နှင့် မိုးကောင်းမြို့အပါအဝင် မြစ်ကြီးနားမြို့သို့ တိုက်ပွဲတိမ်းရှောင်နေကြသည်ဟု ကာမိုင်းမြို့ ဒေသခံ အမျိုးသမီး ၁ ဦးကဆိုသည်။
၎င်းက “ ပိုင်ရှင်တွေ မရှိတော့ ဆေးသမားတွေက သူတို့ယင်းထချိန် ကွက်တိဖြစ်တာပေါ့။ တချို့ပြောတာတော့ သူတို့ခိုးပြီး စစ်သားတွေကို သွားရောင်းပေးတယ်လို့ ပြောနေကြတယ်။ တချို့ကျတော့ ရွာထဲ ပတ်ရောင်းလိုက်ကြတယ်” ဟု ပြောသည်။
မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ကာမိုင်းမြို့ ထွယ်ဆန်ယန်နှင့် လဝါးလမ်းဆုံ ၂ နေရာ၌ တိုက်ပွဲဖြစ်ပွားရာ ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကာမိုင်းမြို့ ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့နံနက်ကစတင်ပြီး KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေ တနိုင်းမြို့နယ်၌လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ကာမိုင်းမြို့ မြင်ကွင်း။
************
Telegram– > https://t.me/newstlk/3852
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8459